မရာဒေသမှ AA တပ်ဖွဲ့ အမြန်ဆုံး ဆုတ်ခွာပေးရန် CDF-Mara ထုတ်ပြန်
စက်တင်ဘာလ ၁ ရက်၊ ၂၀၂၅။
ချင်းပြည်၊ မရာဒေသတွင် စစ်မီးတောက်လောင်နေသော တိုက်ပွဲများရပ်တန့်နိုင်ရေးနှင့် မရာလက်နက်ကိုင် နှစ်ဖွဲ့အကြား ငြိမ်းချမ်းရေးနှင့် ပြန်လည်သင့်မြတ်ရေး ရရှိနိုင်ရေးအတွက် AA တပ်ဖွဲ့များအနေဖြင့် မရာဒေသမှ အမြန်ဆုံးဆုတ်ခွာပေးရန် ဩဂုတ်လ ၃၀ ရက်နေ့တွင် IMC/CDF-Mara က ထုတ်ပြန်ထားသည်။
မရာဒေသတွင် IMC/CDF-mara နှင့် MTC/CDF-Mara ကြား စစ်ရေး/နိုင်ငံရေးအမြင် ကွဲပြားမှုကြောင့် နှစ်ဖွဲ့ကြား စစ်ရေးပွတ်တိုက်မှုဖြစ်ပွားနေပြီး MDF နှင့် မဟာမိတ် AA တပ်ဖွဲ့တို့သည် CDF-Mara ဌာနချုပ် ဧရိယာကို ဇူလိုင်လ ၁၄ ရက်နေ့က ထိုးစစ်ဆင်လာသည့်အတွက်ကြောင့် ယနေ့ထိ နှစ်ဖွဲ့အကြား ရက်ပေါင်း(၄၀) ကျော်ကြာ တိုက်ပွဲပြင်းထန်နေကြောင်း ဆိုသည်။
လက်ရှိဖြစ်ပွားနေသည့် တိုက်ပွဲများတွင် ချင်းပြည်ကောင်စီဝင်ဖြစ်သည့် CDF-Mara သည် ချင်းပြည်အစိုးရ တပ်ဖွဲ့များထံ စစ်ရေးအကူညီတောင်းခံခြင်းနှင့် ပါဝင်ကူညီခြင်း လုံးဝမရှိကြောင်း၊ MDF ဘက်မှ AA တပ်ဖွဲ့များ အင်အားအလုံးအရင်းဖြင့် ပါဝင်ကူညီနေကြောင်း တွေ့ရှိရသည်ဟု MTC/CDF-Mara က ပြောသည်။
မရာဒေသလက်နက်ကိုင်နှစ်ဖွဲ့အကြား ဖြစ်ပွားသည့် ပဋိပက္ခတွင် AA တပ်ဖွဲ့သည် MDF ဘက်မှ တစ်ဘက်သက် ရပ်တည်ပြီး CDF-Mara တပ်ဖွဲ့အား ထိုးစစ်ဆင်တိုက်ခိုက်နေမှုသည် တိုင်ရင်းသားလက်နက်ကိုင်အဖွဲ့ (EAOs) အနေဖြင့် မပြုလုပ်သင့်ကြောင်းနှင့် နှစ်ဘက်ကြား ပဋိပက္ခကို ပိုမိုကြီးထွားစေသည့် လုပ်ရပ်များသာဖြစ်ကြောင်း CDF-Mara နှင့် မရာပြည်သူတစ်ရပ်လုံးအနေဖြင့် ကန့်ကွက်ရှုံ့ချထားသည်။
နှစ်ဘက်ကြား ငြိမ်းချမ်းရေးနှင့်ပြန်လည်သင့်မြတ်ရေးအတွက် ငြိမ်းချမ်းရေးအဖွဲ့များမှ အကြိမ်ကြိမ် ကြားဝင်စေ့စပ် ညှိနှိုင်းပေးသော်လည်း AA တပ်ဖွဲ့မှ မရာဒေသတွင် တပ်ချခြင်း၊ ထိုးစစ်ဆင်ခြင်းများ ပြုလုပ်နေသဖြင့် လက်ရှိချိန်ထိ ငြိမ်းချမ်းရေးနှင့် ပြန်လည်သင့်မြတ်ရေးကို အကောင်အထည်ဖော်နိုင်ခြင်း မရှိကြောင်း ပြောသည်။
ထို့ကြောင့် အာရက္ခတပ်တော် (ULA/AA)တပ်ဖွဲ့အနေဖြင့် မရာဒေသတွင် တိုက်ပွဲများရပ်တန့်နိုင်ရေးနှင့် နှစ်ဖွဲ့အကြား ငြိမ်းချမ်းရေးနှင့် ပြန်လည်သင့်မြတ်ရေးရရှိနိုင်ရေးအတွက် မရာဒေသမှအမြန်ဆုံးထွက်ခွာပေးရန် CDF-Mara က သဘောထားထုတ်ပြန်သည်။
လက်ရှိ ဖြစ်ပွားနေသည့် မရာလက်နက်ကိုင်နှစ်ဖွဲ့ကြား တိုက်ပွဲများတွင် AA သည် လုံးဝပါဝင်ခြင်းမရှိကြောင်းနှင့် အခြေအမြစ်မရှိသည့် စွပ်စွဲချက်သာဖြစ်ကြောင်း ဩဂုတ်လ ၁၁ ရက်နေ့တွင် ပြုလုပ်ခဲ့သည့် (၁၀) ကြိမ်မြောက် AA ၏ သတင်းစာရှင်းလင်းပွဲတွင် ဦးခိုင်သုခ က ငြင်းဆိုးထားသည်။
သတင်း – James Roe
