ပလက်ဝမြို့နယ်၊ ရှင်းလက်ဝရွာရှိ အေအေ၏ စစ်ဆေးရေးဂိတ်တွင် ပြည်သူများသည် ယာယီနိုင်ငံကူးလက်မှတ် ပြုလုပ်ပြီးမှသာ နေ့ရက်အကန့်အသက်ဖြင့် ခရီးသွားလာခွင့်ပြု
စက်တင်ဘာလ ၂ ရက်၊ ၂၀၂၅။
ချင်းပြည်၊ ပလက်ဝမြို့နယ်၊ ရှင်းလက်ဝရွာရှိ အေအေ၏ စစ်ဆေးရေးဂိတ်တွင် ပြည်သူများသည် ယာယီနိုင်ငံကူးလက်မှတ် ပြုလုပ်ပြီးမှသာ နေ့ရက်အကန့်အသက်ဖြင့် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်သို့ ခရီးသွား၍ရကြောင်း ပလက်ဝဒေသခံများထံမှ ယနေ့ စက်တင်ဘာလ ၂ ရက်နေ့တွင် သိရသည်။
ချင်းပြည်၊ ပလက်ဝမြို့နယ်မှ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်သို့ အကြောင်းကြောင်းကြောင့် သွားမည်ဆိုလျှင် ရှင်းလက်ဝရှိ အေအေစစ်ဆေးရေးဂိတ်တွင် ပြည်သူများသည် အေအေကတောင်းခံသည့် အချက်အလက်များကို ပေးသွင်းရပြီး ယာယီနိုင်ငံကူးလက်မှတ် ပြုလုပ်ပြီးမှသာ ဖြတ်သန်းသွားလာခွင့်ပြုကြောင်း ပလက်ဝဒေသခံများက ပြောသည်။
“အရင်ကတော့ ဒီတိုင်းသွားလို့ရတယ်။ ပြီးခဲ့တဲ့လကစပြီးတော့ ရှင်းလက်ဝဂိတ်မှာရှိတဲ့ အေအေတွေဆီမှာ နိုင်ငံကူးလက်မှတ်လုပ်ရတယ်။ အဲဒါရမှပဲ သွားလို့ရတယ်။ သူတို့ဆီမှာ ပေးရတဲ့အချက်အလက်တွေကတော့ ကိုယ့်နာမည်၊ လူမျိုး၊ အဖေနာမည်၊ မွေးသက္ကရာဇ်၊ နေရပ်လိပ်စာ၊ သွားရတဲ့အကြောင်းအရင်း၊ ဘယ်နှစ်ရက်နေထိုင်မယ်၊ အသွား/အပြန်ရက်စွဲတွေရယ် ပါ့စ်ပို့ဓါတ်ပုံရယ် အကုန်ပြောရတယ်။ ပြီးတော့မှ စာရွက်ထုတ်ပေးတယ်။ သူတို့က ဘယ်လိုလုပ်တာလဲမသိဘူး…” ဟု အသက် ၃၁ နှစ်အရွယ် ပလက်ဝဒေသခံ အမျိုးသားတစ်ဦးက ခူမီးမီဒီယာသို့ ပြောသည်။
ယခင်က ပလက်ဝမြို့နယ်မှ အိန္ဒိယနိုင်ငံသို့ သွားရောက်ရာတွင် မည်သည့်အထောက်အထားမျှ မလိုအပ်သလို မည်သည့်အဖွဲ့အစည်းထံမှလည်း ခွင့်ပြုချက်တောင်းခံရန် မလိုအပ်ကြောင်း၊ ပြီးခဲ့သည့်လမှစ၍ နယ်စပ်ဂိတ်များတွင် အေအေတပ်ဖွဲ့က ယာယီနိုင်ငံကူးလက်မှတ်ထုတ်ပေးခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။
“တကယ်တမ်းကြတော့ မြန်မာနိုင်ငံဥပဒေက နယ်စပ်ဖြတ်ကျော်ခွင့်မပေးဘူး။ ကန့်သတ်ထားတယ်။ သူတို့က နယ်စပ်ဖြတ်ကျော်ခွင့်ကို စာရွက်အထောက်အထားနဲ့ လုပ်ပေးတယ်ဆိုတော့ သူတို့က အစိုးရတစ်ရပ်အနေနဲ့ ပြုမူနေပြီပေါ့။ ချင်းနိုင်ငံရေးအဖွဲ့အစည်းတွေ၊ ပလက်ဝကနိုင်ငံရေးအဖွဲ့အစည်းတွေက အေအေရဲ့ အဲဒီလိုလုပ်တာကို သတိထားရမယ်…” ဟု ချင်းအမျိုးသားနိုင်ငံရေး လေ့လာသုံးသပ်သူတစ်ဦးက ခူမီးမီဒီယာကို ဖြေကြားသည်။
ပလက်ဝမြို့နယ်ကို အေအေထိန်းချုပ်ပြီးနောက်ပိုင်းကာလတွင် ရှင်းလက်ဝအပါအဝင် အိန္ဒိယ – မြန်မာ နယ်စပ်များတွင် အေအေတပ်ဖွဲ့က ဂိတ်ဖွင့်၍ ကုန်ပစ္စည်းများ သယ်ယူပို့ဆောင်ရာတွင် ဂိတ်ကြေးကောက်ခံခြင်း၊ ခရီးသွားပြည်သူများကို တင်းကြပ်စွာစစ်ဆေးမေးမြန်းခြင်းများ ပြုလုပ်လာြခင်းဖြစ်ကြောင်း ပလက်ဝဒေသခံများထံမှ သိရသည်။
“အေအေတွေက ပလက်ဝမြို့နယ်ကို သိမ်းတယ်ဆိုတာက သဘောရိုး မဟုတ်ဘူး။ ပြီးတော့ ချင်းလက်နက်ကိုင် အဖွဲ့အစည်းတွေကို ကူညီထောက်ပံ့တာတွေလည်း သဘောရိုးမဟုတ်ဘူး။ သူတို့ရဲ့ နိုင်ငံရေးရည်မှန်းချက်ကိုပဲ အကောင်အထည်ဖော်နေတာ။ ပလက်ဝနဲ့ ချင်းပြည်တောင်ပိုင်းက သူတို့အတွက် စားနပ်ရိက္ခာသယ်ယူဖို့ အဓိကကျတဲ့ နယ်မြေဖြစ်တယ်။ ဒါကြောင့် အေအေတွေက ဒီလိုလုပ်တာဖြစ်တယ်…” ဟု ချင်းအမျိုးသားနိုင်ငံရေး လေ့လာသုံးသပ်သူ နောက်ထပ်တစ်ဦးက ခူမီးမီဒီယာကို ဖြေကြားသည်။
ဆက်လက်ပြီး “ပလက်ဝကို သူတို့ထိန်းချုပ်မယ်။ တခြား ချင်းအဖွဲ့ကို ထောက်ပံ့မယ်။ ဒီလိုဆို သူတို့အတွက အဆင်ပြေပြီလေ။ ခုလည်း နယ်စပ်တွေမှာ နိုင်ငံကူးလက်မှတ် ထုတ်ပေးတာလည်း သူတို့ဗျူဟာတစ်ခုပဲ။ ဒါပေမယ့် ပလက်ဝဒေသခံ ပြည်သူတွေအတွက်တော့ အကျိုးမရှိတဲ့အပြင် အကန့်အသက်နဲ့သွားရတာ၊ တင်းကြပ်တဲ့အစစ်အဆေးခံရတာ၊ လွတ်လပ်မှုမရှိတာတွေနဲ့ပဲ ပိုပိုပြီး ဒုက္ခအခက်အခဲနဲ့ ကြုံတွေ့နေရတာပဲ…” ဟု ဖြေကြားသည်။
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်မှ တင်သွင်းသောပစ္စည်းအများစုမှာ ရခိုင်ပြည်ဘက်မှ ရခိုင်ကုန်သည်များနှင့် ပလက်ဝမြို့နယ်မှ ရခိုင်ကုန်သည်များ၏ ကုန်ပစ္စည်းများဖြစ်ကြကြောင်း ပလက်ဝဒေသခံများထံမှ သိရသည်။
မီဇိုရမ်ပြည်နယ်၊ နယ်စပ်တွင်စစ်ရှောင်နေသည့် ပလက်ဝဒေသခံများမှာ ရခိုင်ကုန်သည်များ၏ ကုန်ပစ္စည်းများကို ဟွန်ဒါစက်လှေဖြင့် အငှားလိုက်ကာ ရှင်းလက်ဝသို့ ပို့ဆောင်ပေးပြီး ထိုမှတဆင့် ပလက်ဝမြို့နယ်ကိုဖြတ်ကာ ရခိုင်ပြည်ဘက်သို့ အများအားဖြင့် ပို့ဆောင်နေကြသည်ဟု ရှင်းလက်ဝဒေသခံတစ်ဦးက ပြောသည်။
သတင်း – James Roe
ပုံ – ပေးပို့
ပုံစာ – ရှင်းလက်ဝကျေးရွာ ဆိပ်ကမ်းပုံနှင့် အေအေ၏ ယာယီနိုင်ငံကူးလက်မှတ်ပုံ။
