ရုံလက်ချောင်းနှင့် ရှင်းလက်ချောင်းဒေသတွင် ULA/AA က မည်သည့် လက်နက်ကိုင်အဖွဲ့မဆို လုံးဝ(လုံးဝ) ဝင်ရောက်ခြင်း၊ လက်ခံထားခြင်း မပြုလုပ်ရန် အမိန့်ထုတ်ပြန်
စက်တင်ဘာလ ၃ ရက်၊ ၂၀၂၅။
ချင်းပြည်၊ ပလက်ဝမြို့နယ်၊ ရုံလက်ချောင်းနှင့် ရှင်းလက်ချောင်းတွင်ရှိသည့် ကျေးရွာများကို ULA/AA က အခွင့်အဏာကို အသုံးချ၍ မည်သည့် လက်နက်ကိုင်အဖွဲ့မဆို လုံးဝ(လုံးဝ) ဝင်ရောက်ခြင်း၊ လက်ခံခြင်း မပြုလုပ်ရန် အပါအဝင် ဒေသခံပြည်သူများ လက်မခံနိုင်သည့် အချက်သုံးချက်ပါ အမိန့်ထုတ်ပြန်စာ ပေးပို့ကြောင်း ဒေသခံများထံမှ သိရသည်။
ရုံလက်ချောင်းနှင့် ရှင်းလက်ချောင်းတွင်ရှိသည့် ကျေးရွာများကို ULA/AA က ပြီးခဲ့သည့် ဩဂုတ်လတွင် အမိန့်ထုတ်ပြန်ထားသည်မှာ ကျေးရွာများတွင် မည်သည့် လက်နက်ကိုင်အဖွဲ့မဆို လုံးဝ(လုံးဝ) ဝင်ရောက်ခြင်း၊ လက်ခံခြင်း မပြုလုပ်ရန်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများကို ရှင်းလက်ဝကျေးရွာတွင် တစ်လတစ်ကြိမ် မပျက်မကွက် အစည်းအဝေး တက်ရောက်ရန်နှင့် ကျောင်းဆရာ/မများ မဖြစ်မနေ လျှောက်ထားရန် တို့ဖြစ်သည်။
“ULA/AA က ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ အဖွဲ့ဝင်တွေကို ရှင်းလက်ဝကျေးရွာမှာ တစ်လတစ်ကြိမ် မပျက်မကွက် မဖြစ်မနေ အစည်းအဝေးတက်ရောက်ဖို့ရယ်၊ ဒေသခံတွေကို ဝန်ထမ်းအဖြစ်(ကျောင်းဆရာ/မ အဖြစ်) အေအေဆီမှာ လျှောက်ကိုလျှောက်ရမယ်လို့ ပြောတယ်။ ဒါပေမယ့် ကျောင်းဆရာ/မ တွေကို အေအေတွေက လစာပေးတာ မဟုတ်ဘူး။ ရပ်ရွာကပဲ ပေးရတယ်။ ကိုယ်ထူကိုယ်ထနဲ့ပဲ ဆရာ/မတွေကို ငှားရတာပဲ ဖြစ်တယ်။ ဘာမှမထူးဘူး။ သူတို့က အမိန့်ပဲထုတ်ကြတာ။ ပြီးတော့ သူတို့ထိန်းချုပ်နယ်မြေထဲမှာ ဘယ်လက်နက်ကိုင်မဆို လုံးဝ လုံးဝ ဝင်လို့မရဘူးလို့ပြောတယ်။ သူတို့က အမိန့်အာဏာနဲ့ အတင်းအကြပ်လုပ်ကြတာ…” ဟု အသက် ၃၅ နှစ်အရွယ် အမျိုးသားတစ်ဦးက ခူမီးမီဒီယာကိုပြောသည်။
ထို့အပြင် ရုံလက်ချောင်းနှင့် ရှင်းလက်ချောင်းဒေသတွင် ULA/AA ၏ အုပ်ချုပ်ရေးဖွဲ့သည်မှာ ၁၇ လဝန်းကျင် ရှိနေပြီဖြစ်သော်လည်း ဒေသခံပြည်သူများအတွက် ULA/AA ထံမှ ကျန်းမာရေးအထောက်အပံ့များနှင့် ကျန်းမာရေးစောင့်ရှောက်မှုတို့မှာလည်း ယနေ့အချိန်အထိ မည်သည့်တစ်စုံတစ်ခုမျှ ရရှိခြင်းမရှိကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
လက်ရှိတွင် ဒေသခံများကြုံတွေ့နေရသည့် အကြောင်းအရာကို နောက်ထပ် ဒေသခံအမျိုးသားတစ်ဦးက “သူတို့က အာဏာကိုအသုံးချပြီး ဒေသခံတွေအပေါ်မှာလည်း မောက်မောက်မာမာ ပြောဆို ဆက်ဆံပြုမူကြတယ်။ လက်ရှိ ရပ်ရွာတွေမှာ ကြုံတွေ့ခံစားနေရတာ ကျွန်တော်တို့ပဲ။ သူတို့ကို ဘာမှလုပ်လို့မရဘူး။ သူတို့ကို ဒေသခံတွေ အားလုံးက ထိတ်လန့်နေရတယ်။ စိုးရိမ်နေရတယ်။ ULA/AA က ပြည်သူတွေကို အမိန့်နဲ့ပဲ အုပ်ချုပ်တယ်။ သူတို့မှာ သေနတ်ရှိတာကိုး။ သူတို့နဲ့စကားပြောရင်တောင် ရခိုင်စကားပဲ ပြောရတယ်။ တခြား ဘာသာစကားပြောရင် ပိတ်ဟောက်ခံရတယ်။ ဒါတွေကြောင့် ပြည်သူတွေရဲ့ သဘောထားက အေအေကို လုံးဝ မလိုလားကြဘူး။…” ဟု ပြောသည်။
ပြီးခဲ့သည့် ဩဂုတ်လအတွင်း မီဇိုရမ်ပြည်နယ်သို့ အကြောင်းအမျိုးမျိုးကြောင့် သွားရောက်လိုသော် ULA/AA ထံတွင် ယာယီနိုင်ငံကူးလက်မှတ်ကို မြန်မာငွေ ၅၀၀၀ ကျပ်ပေးသွင်း၍ ယူရကြောင်း ပလက်ဝဒေသခံများထံမှ သိရသည်။
သတင်း – James Roe
