အကြိုကောလိပ် ဒီပလိုမာသင်တန်း ဒုတိယအသုတ် အတွက် ချင်းအမျိုးသားတက္ကသိုလ်က စတင်ခေါ်ယူ
စက်တင်ဘာလ ၄ ရက်၊ ၂၀၂၅။
ချင်းလဲန်ကောင်စီ၊ ချင်းပြည်အစိုးရ၊ ပညာရေးဝန်ကြီးဌာနမှ အကြိုကောလိပ် ဒီပလိုမာသင်တန်း (Diploma in Community Development) ဒုတိယအသုတ်ကို ၂၀၂၅ ခုနှစ်၊ လာမည့် နိုဝင်ဘာလ ပထမပတ်တွင် စတင်ဖွင့်လှစ်တော့မည်ဖြစ်သောကြောင့် လျှောက်လွှာများ စတင်ခေါ်ယူနေပြီဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
အကြိုကောလိပ် ဒီပလိုမာသင်တန်း (Diploma in Community Development) ဒုတိယအသုတ်တွင် ၂၀၂၁ ခုနှစ်မတိုင်မီ တက္ကသိုလ်ဝင်တန်း အောင်မြင်ခဲ့သူများ၊ စစ်အာဏာသိမ်းမှုကြောင့် တက္ကသိုလ် ဆက်မတက်တော့ဘဲ ရပ်နားထားသူများ၊ အခြေခံပညာ ပြီးမြောက်ကြောင်းလက်မှတ် (BECC of Chinland MoE or NUG MoE) ရရှိထားသူများ ဖြစ်ရမည်။
အိမ်နီးချင်းနိုင်ငံများမှ Grade 12 အောင်မြင်ခဲ့သူများ၊ GED (General Education Development) စာမေးပွဲဖြေဆိုအောင်မြင်ထားသူများ၊ IGCSE (International General Certificate of Secondary Education) စာမေးပွဲဖြေဆိုအောင်မြင်ထားသူများ တိုင်းရင်းသားပညာရေးစနစ်များမှ အထက်တန်းပညာ ပြီးမြောက်အောင်မြင်ထားသူများ လျှောက်ထားနိုင်သည်။
ဝင်ခွင့်လျှောက်လွှာများကို ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်နေ့ နောက်ဆုံးထားပြီး လိုအပ်သော ပညာအရည်အချင်း လက်မှတ်အထောက်အထားမိတ္တူများ၊ သက်ဆိုင်ရာ မြို့နယ်/ဒေသ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပညာရေးဌာန၏ ထောက်ခံစာများနှင့်အတူ [email protected] သို့ ပူးတွဲတင်သွင်းရမည် ဖြစ်သည်။
အချိန်မီ မရောက်ရှိသော လျှောက်လွှာများနှင့် ပြည့်စုံစွာ မဖြည့်သွင်းထားသော လျှောက်လွှာများကို ထည့်သွင်းစဉ်းစားမည်မဟုတ်ကြောင်း၊ အိမ်နီးချင်းနိုင်ငံများမှ Grade 12 အောင်မြင်သူများသည် အောင်လက်မှတ်အပြင် ကျောင်းအုပ် ထောက်ခံစာပါ ပူးတွဲတင်ပြနိုင်ရမည်။
သင်တန်းကာလ (၉) လ အတွက် သင်တန်းကြေး လစဉ် ကျပ် ၁၈၀,၀၀၀ သတ်မှတ်ထားပြီး သင်တန်းပြီးဆုံးသည်အထိ အမှန်တကယ် တက်ရောက်နိုင်သူဖြစ်ရမည်ဖြစ်ကြောင်းနှင့် ဝင်ခွင့်ရပါက တက္ကသိုလ်ဘက်က ပြန်လည်အကြောင်းကြားပေးမည် ဖြစ်သည်။
လျှောက်လွှာများကို သက်ဆိုင်ရာမြို့နယ်/ဒေသပညာရေးဌာနနှင့် Ministry of Education, Government of Chinland ၏ Facebook Page Messenger တို့မှ Google Link တောင်းခံ၍ ရယူနိုင်ကြောင်းနှင့် ပညာရေးအဖွဲ့၊ ချင်းအမျိုးသားတက္ကသိုလ်၏ ဆုံးဖြတ်ချက်သည်သာလျှင် အတည်ဖြစ်ကြောင်း သိရသည်။
သတင်း – James Roe
