ပလက်ဝမြို့နယ်တွင် မင်းမဲ့စရိုက်ဆန်သော လုယက်မှုနှင့် ဓါးပြမှုများ မကြာခဏ ဖြစ်ပေါ်နေ
စက်တင်ဘာလ ၅ ရက်၊ ၂၀၂၅။
ချင်းပြည်၊ ပလက်ဝမြို့နယ်မှ ရခိုင်ပြည်နှင့် ပြည်မဘက်သို့ သွားရာတွင် အသုံးပြုသည့် ကားလမ်းမပေါ်တွင် မင်းမဲ့စရိုက်ဆန်သော လုယက်မှုနှင့် ဓါးပြမှုများ မကြာခဏ ဖြစ်ပေါ်နေသော်လည်း မည်သည့် အမှုတစ်စုံတစ်ရာမျှ ပေါ်ပေါက်လာခြင်း မရှိသောကြောင့် ဒေသခံပြည်သူများ စိုးရိမ်ထိတ်လန့်နေကြရကြောင်း ပလက်ဝဒေသခံများထံမှ ယနေ့ စက်တင်ဘာလ ၅ ရက်နေ့တွင် သိရသည်။
ပလက်ဝမြို့နယ်ကို ULA/AA ထိန်းချုပ်ပြီးသည့် ယခုနှစ်ပိုင်းအတွင်း မင်းမဲ့စရိုက်ဆန်သော လုယက်မှုနှင့် ဓါးပြမှုများမှာ ထပ်ထပ်တိုးလာပြီး ထိုအမှုများကို ULA/AA ဘက်မှလည်း လက်ရှိအချိန်အထိ အရေးယူခြင်း၊ ဖော်ထုတ်ခြင်း၊ စုံစမ်းစစ်ဆေးခြင်းနဲ့ တားဆီးကာကွယ်ခြင်း စသည်တို့ လုပ်ဆောင်ခြင်းမရှိကြောင်း ဒေသခံများက ပြောသည်။
“ပလက်ဝ – ကျောက်တော် ကားလမ်းပေါ်မှာ လုယက်မှုတွေ ခဏခဏဖြစ်တယ်။ ပြီးခဲ့တဲ့ ဇူလိုင်လနဲ့ ဩဂုတ်လအတွင်းမှာ လူပြတ်တဲ့ နေရာတွေမှာ အုပ်စုဖွဲ့ (လူနှစ်ဦးနှင့်အထက်ရှိတဲ့အမျိုးသားတွေ) မျက်နှာဖုံးစွတ်ထားပြီး ဒေသခံတွေဆီက မကြာခဏ ငွေကြေးနဲ့ ဖုန်းတွေ လုယက်ဓားပြတိုက်တာတွေ လုပ်တယ်။ ဒါကြောင့် အဲဒီလမ်းကို ခုရက်ပိုင်းမှာ တစ်ယောက်တည်း သွားလာဖို့ စိုးရိမ်ကြောင်းကြနေရပြီ…” ဟု နှမ်းချောင်းဝရွာသားတစ်ဦးက ခူမီးမီဒီယာကို ပြောသည်။
ပလက်ဝ – ကျောက်တော် ကားလမ်းပေါ်တွင်ရှိသည့် ကျေးရွာများမှာ စိမ်းစင်း၊ နှမ်းချောင်းဝ၊ သူဌေးကုန်း၊ စိမ်းညှင်းဝ၊ နှမဒါနှင့် ဘောင်ဝ စသည့် ကျေးရွာတို့ဖြစ်ပြီး ULA/AA မှ ပလက်ဝမြို့နယ်ကို ထိန်းချုပ်ပြီးနောက် ရခိုင်ပြည်နယ်မှ ပြောင်းရွှေ့အခြေချသည့် လူစိမ်းများ ပိုမိုများပြားလာပြီးနောက် ယခုကဲ့သို့ လုယက်မှု၊ ဓားပြတိုက်မှုများ ရှိလာခြင်းဖြစ်ကြောင်း ဒေသခံများက သုံးသပ်ပြောဆိုကြသည်။
“ဟိုအရင်တုန်းက ပလက်ဝမြို့နယ်မှာ ဒီလို လုယက်၊ ဓါးပြတိုက်တာတွေ မရှိခဲ့ဘူး။ အခုကျတော့ ဇူလိုင်လမှာ သုံးကြိမ်၊ သြဂုတ်လမှာ နှစ်ကြိမ် လုယက်မှုဖြစ်ပွားခဲ့တာ။ ဒေသခံတွေဆီက ဖုန်းနှစ်လုံးနဲ့ ပိုက်ဆံ သိန်း ၂၀ ကျော် လုယူခံခဲ့ရပြီ။ ဒါတောင် ခန့်မှန်းခြေပဲ ရှိသေးတယ်။ ဒီထက်ပိုပြီး တန်ဖိုးများအုံးမှာ…” ဟု လုယူခံခဲ့ရသူ၏ ဆွေမျိုးနီးစပ်သူတစ်ဦးက ခူမီးမီဒီယာကို ပြောသည်။
ထိုလုယက်မှုနှင့် ဓါးပြမှုတို့သည် ပြီးခဲ့သည့် ဇူလိုင်လတွင် သုံးကြိမ်နှင့် သြဂုတ်လတွင် နှစ်ကြိမ် စုစုပေါင်း ငါးကြိမ်တိတိ လုယက်မှုဖြစ်ပွားခဲ့ပြီး ဒေသခံများထံမှ ဖုန်းနှစ်လုံးနှင့် ကျပ်ငွေ သိန်း ၂၀ ကျော် လုယူခံရကြောင်း လုယက်ခံရသည့် ကာယာကံရှင်များက အတည်ပြု ပြောဆိုသည်။
“လူမျိုးရေး အမုန်းပွားအောင် ပြောတာတော့မဟုတ်ဘူး အခုလုယူကြတဲ့သူတွေအားလုံးက ရခိုင်စကား ပြောကြတယ်။ ဒါပေမယ့် ပလက်ဝမြို့နယ်က ပြောတဲ့ ရခိုင်စကားနဲ့ မတူဘူး။ အသစ်ရောက်လာတဲ့ သူတွေပြောတဲ့ စကားသံနဲ့ ပလက်ဝနယ်ခံ ရခိုင်စကားက လေသံမတူကြဘူး။ ဒါကြောင့် ဘယ်သူတွေ လုပ်တာလဲဆိုတာ ခန့်မှန်းလို့ရတယ်…” ဟု နှမဒါကျေးရွာမှ ဒေသခံတစ်ဦးက ခူမီးမီဒီယာကို ပြောသည်။
အဆိုပါ ပလက်ဝ – ကျောက်တော် ကားလမ်းသည် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် နှင့် ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်ကို ဆက်သွယ်ထားသည့် ကားလမ်းဖြစ်ပြီး ယခင်က လုယက်မှုများ မရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။
အဆိုပါ ပလက်ဝ – ကျောက်တော် ကားလမ်းတစ်လျှောက်တွင် ULA/AA ၏ တပ်စခန်းများစွာ ချထားခြင်း ရှိနေသော်လည်း ယခုကဲ့သို့ လုယူမှု၊ ဓားပြမှုတို့ကို အရေးယူခြင်း၊ ဖော်ထုတ်ခြင်း၊ စုံစမ်းစစ်ဆေးခြင်းနှင့် တားဆီးကာကွယ်ခြင်း မရှိသေးသောကြောင့် တရားဥပဒေစိုးမိုးမှု အာနည်းနေသေးကြောင်း ဒေသခံများက ပြေဆိုကြသည်။
ယခုဖြစ်ပေါ်နေသည့် လုယက်မှု၊ ဓါးပြမှုနှင့်ပတ်သက်၍ ဒေသခံများအနေဖြင့် တိုင်ကြားထားခြင်း မပြုလုပ်ခဲ့သော်လည်း လမ်းတလျှောက်တွင်ရှိသည့် ULA/AA နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများလည်း ကြားသိထားကြောင်း ဒေသခံများထံမှ သိရသည်။
ပလက်ဝမြို့နယ်ကို ULA/AA က အုပ်ချုပ်ရေးဖော်ဆောင်လာသည့်နောက်ပိုင်းတွင် ပလက်ဝမြို့နယ်အတွင်း ယခုလုယက်မှုအပြင် မုဒိမ်းမှု ၅ မှုနှင့် လူသတ်မှု ၆ မှုအထိ ရှိနေသော်လည်း ပြီးခဲ့သည့် ဇူလိုင်လ ၁၁ ရက်နေ့တွင် ULA/AA ၏ ၁၁ ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲ၌ ဦးခိုင်သုခမှ ပလက်ဝမြို့နယ်အတွင်း တရားဥပဒေစိုးမိုးမှု ပိုမိုအားကောင်းလာကြောင်း ငြင်းဆိုထားသည်ကို သိရသည်။
သတင်း – James Roe
