MRO/ CDF-Matupi ထိန်းချုပ်နယ်မြေတွင် ကျောင်းသား/သူ၊ ဆရာ/မ များကို ဥပဒေမဲ့ အတင်းအဓမ္မဖမ်းဆီးကာ စစ်မှုထမ်းစေခြင်း ပြုလုပ်နေသောကြောင့် အပြင်းအထန် ကန့်ကွက်ရှုတ်ချ
စက်တင်ဘာလ ၉ ရက်၊ ၂၀၂၅။
ချင်းပြည်တောင်ပိုင်း၊ မတူပီမြို့နယ် MRO/ CDF-Matupi ထိန်းချုပ်နယ်မြေတွင် အခြေခံပညာ ကျောင်းသား/သူ၊ ဆရာ/မ များကို မိမိတို့ဆန္ဒမပါဘဲ ဥပဒေမဲ့ အတင်းအဓမ္မဖမ်းဆီးကာ စစ်မှုထမ်းစေခြင်း ပြုလုပ်နေသောကြောင့် အပြင်းအထန် ကန့်ကွက်ရှုတ်ချကြောင်း NUG အစိုးရ၊ ပညာရေးဝန်ကြီးဌာနနှင့် မတူပီမြို့နယ်၊ မြို့နယ်ပညာရေးဘုတ်အဖွဲ့က ပူးတွဲကြေညာသည်။
CDF-Matupi တပ်မဟာ ၁ မှ MRO/CDF-Matupi အဖြစ် ၂၀၂၅ ခုနှစ် ဧပြီလ ၁၀ ရက်နေ့တွင် ပြောင်းလဲဖွဲ့စည်းပြီးနောက်ပိုင်း ဌာနဆိုင်ရာလုပ်ငန်းများ၊ ဝန်ထမ်းများအပေါ် ထိန်းချုပ် ဘောင်ကျော် အမိန့်ပေးမှုများရှိလာပြီး စိန်ခေါ်မှုများနှင့် ကြုံတွေ့လာကြရကြောင်း သိရသည်။
MRO/CDF-Matupi သည် ပြီးခဲ့သည့် ဩဂုတ်လ ၈ ရက်နေ့မှ၍ ကြားကာလပညာရေး ဖော်ဆောင်နေသည့် အခြေခံပညာ ကျောင်းသား/သူ၊ ဆရာ/မ များကို ကာယကံရှင်၏ ဆန္ဒမပါဘဲ ဥပဒေမဲ့ အတင်းအဓမ္မ ဖမ်းဆီး စစ်မှုထမ်းစေခဲ့ကြောင်း ဆိုသည်။
မြို့နယ်ပညာရေးဘုတ်အဖွဲ့သည် ပညာသင်ယူနေကြသော ကျောင်းသား/သူများကို အခြေခံပညာပြီး မြောက် သည်အထိ လွတ်လပ်စွာ ပညာသင်ကြား နိုင်ရေးနှင့် ဝန်ထမ်းများ တာဝန်ပြန်လည် ထမ်းဆောင်နိုင်ရေးအတွက် တွေ့ဆုံဆွေးနွေးရန် ကြိုးစားခဲ့သော်လည်း MRO/CDF-Matupi သည် ၄ ကြိမ်တိုင်တိုင် လစ်လျူရှုခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။
ထို့ကြောင့် မတူပီမြို့နယ် ကြားကာလပညာရေး ဖော်ဆောင်မှုတွင် အဟန့်အတား အနှောက်အယှက် မဖြစ်စေလိုသောကြောင့် အကြိမ်ကြိမ် တောင်းဆိုခဲ့သော်လည်း MRO/CDF-Matupi သည် အပြန်အလှန် လေးစားမှု မရှိဘဲ အာဏာရှင်ဆန်ဆန် ပြုမှုခြင်းကြောင့် ထိုလုပ်ရပ်များကို အပြင်းအထန် ကန့်ကွက် ရှုံ့ချကြောင်း ထုတ်ပြန်ထားသည်။
မြို့နယ်ပညာရေးဘုတ်အဖွဲ့သည် ပြီးခဲ့သည့် ဩဂုတ်လ ၁၁ ရက်နေ့တွင် MRO/CDF-Matupi ထံ ပထမအကြိမ် တွေ့ဆုံရန် တောင်းဆိုသော်လည်း တွေ့ဆုံခွင့် မပြုခဲ့ကြောင်း သိရသည်။
ထပ်မံ၍ မြို့နယ်ပညာရေးဘုတ်မှ ဦးဆောင်၍ မိဘဆရာ သင်းလုံးကျွတ်အစည်းအဝေး တက်ရောက်သူ ၁၂၇ ဦး၏ ဆုံးဖြတ်ချက်အရ မတူပီမြို့နယ်ပညာရေးဘုတ်အဖွဲ့၊ ဆရာ/မများ၊ မိဘကိုယ်စားလှယ်များနှင့် ဘာသာရေးခေါင်းဆောင်များသည် ဩဂုတ်လ ၁၂ ရက်နေ့ ညနေ ၃ နာရီမှ ၃ နာရီ ၁၅ အထိ စောင့်ဆိုင်းကာ MRO/CDF-Matupi ထံ တွေ့ဆုံခွင့်တောင်းခံခဲ့သော်လည်း တွေ့ဆုံခွင့် မပေးခဲ့ကြောင်း သိရသည်။
ဩဂုတ်လ ၁၃ ရက်နေ့ နံနက် ၁၀ နာရီတွင် ဌာနဆိုင်ရာ အစည်းအဝေးဆုံးဖြတ်ချက်အရ ဌာနဆိုင်ရာ တာဝန်ရှိသူများ ၂၁ ဦးတို့ဖြင့် မွန်းလွဲ ၂ နာရီ ၁၅ မိနစ် ညနေ ၄ နာရီ ၃၀ မိနစ်အထိ စောင့်ဆိုင်းခဲ့ပြီး တတိယအကြိမ် တွေ့ဆုံရန် MRO/CDF-Matupi နှင့်ညှိနှိုင်ခဲ့သော်လည်း လျစ်လျူရှုခဲ့ကြောင်း သိရသည်။
စတုထ္ထအကြိမ်မြောက် ဩဂုတ်လ ၁၄ ရက်နေ့ နံနက် ၁၀ နာရီတွင် MRO/CDF-Matupi နှင့် တွေ့ဆုံညှိနှိုင်းနိုင်ရေးအတွက် မတူပီပညာရေး တာဝန်ရှိသူများ သည် ထပ်မံကြိုးပမ်းဆောင်ရွက်ရာတွင်လည်း ထပ်မံ၍ လစ်လျူရှုခြင်းခံခဲ့ရသည်ဟု သိရသည်။
မတူပီမြို့နယ် ပညာရေးဘုတ်အဖွဲ့သည် ၂၀၂၁ ခုနှစ် နွေဦးတော်လှန်ရေးတွင် ပေါက်ဖွားလာပြီး CDM ဝန်ထမ်းများနှင့် ဖွဲ့စည်းထားသော အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန၏ အသိအမှတ်ပြုသည့် အစိုးရဌာနတစ်ခုဖြစ်ပြီး ယနေ့အထိ အကောင်အထည်ဖော် လည်ပတ်လျက်ရှိသည်။
မတူပီမြို့နယ် ပညာရေးဘုတ်အဖွဲ့သည် ICNCC ၊ မတူပီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေး၊ ချင်းညီနောင် CB ၊ CDF-Matupi တပ်မဟာ (၁)၊ ကြားကာလ အခြေခံပညာရေးလုပ်ငန်းဆောင်ရွက်မှု ကော်မတီ (IBEWC)၊ ကြားကာလ ပြည်နယ်ပညာရေးဘုတ်(ISEB) တို့နှင့် ပူးပေါင်းပြီး ပညာသင်ယူခွင့် ဆုံးရှုံးနေသော ကျောင်းသူ/သားများကို ငြိမ်းချမ်းစွာပညာသင်ယူနိုင်ရေး၊ လူတိုင်းအတွက် ပညာရေး ရှေးရှုလျက်ရှိ ကြားကာလပညာရေးစနစ် ဖော်ဆောင်လာသည်မှာ ၄ နှစ်ကျော်ရှိလာပြီဖြစ်ကြောင်း ဆိုသည်။
သတင်း – James Roe
