ဆိုက်ဟားခရိုင်၊ ဖူရကျေးရွာတွင် စစ်ရှောင်ပြည်သူတစ်ဦး၏ နေအိမ်နှင့် စပါးခင်း ရေနစ်မြုပ်၍ ပျက်စီးဆုံးရှုံး
စက်တင်ဘာလ ၁၁ ရက်၊ ၂၀၂၅။
အိန္ဒိယနိုင်ငံ၊ ဆိုက်ဟားခရိုင်၊ ဖူရကျေးရွာတွင် စစ်ရှောင်နေသည့် ပလက်ဝမြို့နယ် မင်းခွဲကျေးရွာမှ ဦးရွှေကျော်၏ နေအိမ်နှင့် စပါးခင်း ရေလွှမ်းမိုးသောကြောင့် စပါးခင်းပျက်စီးသွားကြောင်း ကာယာကံရှင်ဦးရွှေကျော်ထံမှ ယနေ့ စက်တင်ဘာလ ၁၁ ရက်နေ့တွင် သိရသည်။
ဖူရကျေးရွာတွင် စစ်ရှောင်နေသည့် ဦးရွှေကျော်၏ နေအိမ်နှင့် ၂ ဧကကျော်သည့် စပါးခင်းကို ယနေ့ စက်တင်ဘာလ ၁၁ ရက်နေ့ နံနက် ၂ နာရီ ၃၀ မိနစ်ခန့်မှစ၍ ၄ နာရီအထိ ရေလွှမ်းမိုးခဲ့ခြင်းဖြစ်ပြီး စပါးခင်း တစ်ဝတ်ကျော် ပျက်စီးဆုံးရှံးသွားကာ ကျန်သည့် စပါးပင်များမှာလည်း ပျက်စီးဆုံးရှုံးနိုင်ဖွယ်ရှိကြောင်း ဦးရွှေကျော်က ပြောသည်။
“ရေကတော့ အခုက ကျနေပြီ။ အိမ်ကတော့ မပျက်စီးဘူး။ ဒါပေမယ့် ရေကအိမ်ကြမ်းပြင်မြုပ်တော့ သန့်ရှင်းရေး လုပ်ရတယ်။ စပါးခင်း တစ်ဝတ်ကတော့ လုံးဝဆုံးရှုံးသွားပြီ။ ကျန်တဲ့ နောက်တစ်ဝတ်ကလည်း ပျက်တစ်ဝတ် မပျက်တစ်ဝတ် ဖြစ်တယ်၊ ပြန်ရအုံးမလားတော့ မသိဘူး။ စပါးခင်းက နှစ်ဧကကျော်ရှိတာ…” ဟု ဦးရွှေကျော်က ခူမီးမီဒီယာသို့ ပြောသည်။
ဦးရွှေကျော်သည် မိမိ၏စပါးများကို ရိတ်သိမ်းရန်အတွက် စက်တင်ဘာ ၁၀ ရက်နေ့တွင် ရွာသူ/ ရွာသားများကို ခေါ်၍ ဘုရားဆုတောင်းဝတ်ပြုပွဲ ပြုလုပ်ခဲ့သေးကြောင်း၊ စပါးရိတ်သိမ်းမည့် ယနေ့နံနက်တွင် ယခုကဲ့သို့ အဖြစ်ဆိုးနှင့် ကြုံတွေရခြင်းဖြစ်ကြောင်း စိတ်မကောင်းစွာ ပြောသည်။
“နှစ်နာရီခွဲလောက်မှာ အပေါ့အပါးသွားဖို့ ထတုန်းက ဘာမှမဖြစ်သေးဘူး။ မိုးကတော့ ရွာနေတယ်။ အဲဒါနဲ့ ပြန်အိပ်ပျော်သွားတဲ့အခါ ရေကတဖြည်းဖြည်းတက်လာတာ။ အိမ်ကြမ်းပြင်မှာရေ တက်လာတော့ ကျောကိုရေစိုမှ လန့်နိုးလာတာ။ အိမ်ပြင်ထွက်ကြည့်မှ ရေတွေက စပါးခင်းမှာ ပြည့်နေပြီ၊ အကုန်ပျက်စီးကုန်ပြီ။ မနက် လေးနာရီလောက်မှာ ရေကစကျတာ။ အဖြစ်အပျက်က တအားမြန်တော့ ဘယ်လိုဖြစ်သွားမှန်းတောင် မသိလိုက်ဘူး။ ငှားထားတဲ့ ရွာအပိုင်အိုးအကြီးတစ်ခုတော့ ရေနဲ့မျှောပါသွားပြီ။ အိမ်ကပစ္စည်းတွေတော့ ရေကျတဲ့အချိန် ဟိုတစ်စ ဒီတစ်စ ပြန်တွေ့လို့ ပြန်ကောက်လို့ရတဲ့အတွက် ဆုံးရှုံးမှုတော့ မရှိပါဘူး..” ဟု ကြုံတွေ့ခဲ့ရသည့် အဖြစ်အပျက်ကို စိတ်မကောင်းစွာ ပြောသည်။
သူက ဆက်ပြီးပြောသည်မှာ “စပါးတွေကတွေက ဒီနှစ်တော့ တအားကောင်းတယ်ဆိုပြီး ပျော်ရွှင်ခဲ့သေးတာ။ ခုကျတော့ ဆုံးရှုံးလိုက်ရပြီ။ တခြားစပါးခင်းတွေက လယ်အဖြစ်နဲ့ လယ်စပါးလုပ်ကြတော့ ဘာမှမဖြစ်ဘူး။ ကျွန်တော့်စပါးခင်းကတော့ လယ်စပါးမဟုတ်ပဲ စိုက်တဲ့စပါး(တောင်ယာစပါးလို) ဖြစ်တဲ့အတွက် ရေလွှမ်းရင် ပျက်စီးဆုံးရှုံးသွားရတာပါပဲ…”
“ပိုင်ရှင်ကလည်း သဘောကောင်းတော့ လယ်လုပ်ရင်နေဖို့ ကျွန်တော်နဲ့ ဇနီးနဲ့ နှစ်ယောက်တည်းပဲ စပါးခင်းစောင့်ရင်း လယ်တောမှာ နေကြတာ။ တခြားစစ်ရှောင်တွေက ရွာထဲမှာပဲ နေကြတာ။ ဒီလို ရေကြီးတာ တစ်ခါမှ မဖြစ်ဖူးဘူး။ အခုက မော်တော်ကားလမ်းလုပ်တာကြောင့် ရေကအထက်ဘက်မှာ ဆည်လိုမျိုး ပိတ်ဆို့နေတော့ အဲဒီကနေ ရေတွေက ပေါက်ထွက်ပြီး အဟုန်ထိုးစီးကျလာတာ ဖြစ်မယ်။ နောက်ထပ် တစ်နာရီလောက် ရေကြီးမယ်ဆိုရင် အိမ်လည်းရှိတော့မဟုတ်တော့ဘူး။ ကိုယ်တိုင်ကလည်း ရေနဲ့ပါသွားမှာ…” ဟု ဝမ်းနည်းကြေကွဲစွာ ပြောသည်။
ဦးရွှေကျော်နှင့် ဇနီးသည် ဖူရကျေးရွာတွင် စစ်ရှောင်အဖြစ် ရောက်ရှိသည်မှာ ၂၀၂၄ ခုနှစ်တွင်ဖြစ်ပြီး လာမည့် အောက်တိုဘာတွင် တစ်နှစ်ပြည့်မည်ဖြစ်ပြီး ယခုကဲ့သို့ စစ်ရှောင်နေရင်း ခက်ခဲမှုးကြားက မိမိတို့ဝမ်းစာအတွက် စပါးခင်းစိုက်ပျိုးခဲ့သော်လည်း ယခုကဲ့သို့ စပါးခင်း ရေနစ်မြုပ်သွားသောကြောင့် များစွာ ဝမ်းနည်းကြေကွဲနေရကြောင်း ဆိုသည်။
“အခုလိုဖြစ်တော့ အခက်အခဲဖြစ်ရတော့မှာ။ အပျက်အစီးအဆုံးအရှုံးက များတော့ တခြားကူညီနိုင်တဲ့ အလှူရှင်တွေရှိရင် ကူညီစေချင်ပါတယ်။ ဒါပေမယ့် ဒါကလည်း ကူညီပေးမယ့်သူတွေ ရှိမှပါ။ စစ်ဘေးရှောင်နေတာလည်းဖြစ်တော့ ဘာမှလည်း အားကိုးအားထားစရာလည်း မရှိတဲ့အပြင် အခုလို စိုက်ထားတဲ့ စပါးခင်းလည်း ဆုံးရှုံးလိုက်ရတော့ ပိုခက်ခဲသွားရတာပေါ့။ ဘယ်လိုလုပ်ရမလဲ မသိတော့ဘူး…”
စာကလေးတွေကလည်း စပါးတွေလာလာပြီး စားတာများတော့ နေ့တိုင်း စောင့်ကြည့် ခြောက်လှန့်ပြီး စပါးရိပ်မယ့်အချိန်ကို စောင့်နေတာ။ မနက်ဖြန်စပါးရိတ်တော့မယ်ဆိုပြီး ရွာကလူတွေကိုခေါ်ပြီး မနေ့က ဆုတောင်းပွဲလေးလုပ်ခဲ့သေးတာ။ ခုလိုရေလွှမ်းပြီး ဆုံးရှုံးလိုက်ရတဲ့အတွက် ဟာခနဲ့ဖြစ်သွားတာပါပဲ။ တအားစိတ်မကောင်း ဖြစ်ရတယ်…” ဟု ငြိုးငယ်စွာ ပြောသည်။
အိန္ဒိယနိုင်ငံ၊ ဆိုက်ဟားခရိုင်၊ ဖူရကျေးရွာတွင် ပလက်ဝမြို့နယ်မှ စစ်ဘေးရှောင်ပြည်သူများသည် အိမ်ခြေ ၉ အိမ်ထောင် ရှိပြီး လူဦးရေစုစုပေါင်းမှာ ၅၀ ဦး ရှိကြောင်း စစ်ရှောင်တာဝန်ခံထံမှ သိရသည်။
သတင်း – James Roe
