ဒိုင်ရ်ရိုးရာ နှာခေါင်းမှုတ်ပုလွေနှင့် ထူးခြားသော ယဉ်ကျေးမှု
=======================
၁။ နိဒါန်း
ချင်းပြည်နယ်အတွင်းရှိ ကန်ပက်လက်၊ ပလက်ဝ၊ မတူပီနှင့် မင်းတပ်မြို့နယ်များအတွင်း နေထိုင်ကြသော ဒိုင်ရ်(ချင်း) တိုင်းရင်းသားများသည် ၎င်းတို့၏ ထူးခြားသော ယဉ်ကျေးမှုနှင့် ဓလေ့ထုံးတမ်းများဖြင့် ထင်ရှားသည်။ အိမ်ထောင်စု ၄,၅၀၀ ခန့်နှင့် လူဦးရေ ၃၀,၀၀၀ ကျော်ရှိသော ဤလူမျိုးစုသည် ၎င်းတို့၏ ရိုးရာဂီတနှင့် အနုပညာများကို ဂုဏ်ယူစွာ ထိန်းသိမ်းထားသည်။ ထိုအထဲတွင် “ပုလွေ” ဟုခေါ်သော ရိုးရာတူရိယာကို နှာခေါင်းဖြင့် မှုတ်တီးသည့် ဓလေ့သည် ဒိုင်ရ်လူမျိုးများ၏ ယဉ်ကျေးမှုတွင် ထင်ရှားသော အမှတ်လက္ခဏာတစ်ခု ဖြစ်သည်။
၂။ ပုလွေ၏ သမိုင်းနှင့် ဇစ်မြစ်
ပုလွေသည် မြန်မာနိုင်ငံရှိ လူမျိုးစုများစွာ အသုံးပြုသည့် ရိုးရာတူရိယာတစ်မျိုးဖြစ်ပြီး ၎င်း၏ မူလဇစ်မြစ်သည် (၁၄) ရာစုနှစ်ခန့်ကတည်းက စတင်ပေါ်ပေါက်ခဲ့သည်ဟု ယူဆရသည်။ သို့သော် ဒိုင်ရ်လူမျိုးများက ပုလွေကို မည်သည့်အချိန်က စတင်အသုံးပြုခဲ့သည်ကို တိကျစွာ မှတ်တမ်းတင်ထားခြင်း မရှိပေ။ စာပေနှင့် သမိုင်းမှတ်တမ်းများ မရှိသည့်အတွက် ဤတူရိယာ၏ အစပိုင်းအသုံးပြုမှုကို ခန့်မှန်းရန် ခက်ခဲသော်လည်း၊ ၎င်းသည် ဒိုင်ရ်လူမျိုးများ၏ ယဉ်ကျေးမှုတွင် နက်ရှိုင်းစွာ အမြစ်တွယ်နေသည်မှာ သိသာထင်ရှားသည်။
ပုလွေသည် ဝါးနှင့် အခြားသော သတ္ထုများဖြင့် ပြုလုပ်ထားကြသည့် ရိုးရှင်းသော လေမှုတ်တူရိယာတစ်ခုဖြစ်ပြီး၊ အပေါက်သုံးပေါက်၊ လေးပေါက်၊ ငါးပေါက် စသည့် ပုံစံအမျိုးမျိုးဖြင့် တွေ့ရသည်။ ၎င်း၏ အပြင်ပန်းတွင် ရိုးရှင်းသော်လည်း၊ ကြည်နူးစရာကောင်းပြီး စိတ်ခံစားမှုကို နှိုးဆွပေးနိုင်သော တေးသွားများကို ဖန်တီးနိုင်စွမ်းရှိသည်။ ဒိုင်ရ်လူမျိုးများသည် ပုလွေကို နှာခေါင်းဖြင့် မှုတ်တီးခြင်းဖြင့် ဤတူရိယာ၏ ထူးခြားမှုကို ပိုမိုဖြည့်စွမ်းထားသည်။
၃။ နှာခေါင်းဖြင့် ပုလွေမှုတ်တီးခြင်း၏ ထူးခြားမှု
ပုလွေကို သာမန်အားဖြင့် ပါးစပ်ဖြင့် မှုတ်တီးကြသော်လည်း ဒိုင်ရ်လူမျိုးများသည် ၎င်းကို နှာခေါင်းဖြင့် မှုတ်တီးခြင်းဖြင့် ၎င်းတို့၏ ယဉ်ကျေးမှုကို ထူးခြားစေသည်။ ဤဓလေ့သည် ရိုးရှင်းသည်ဟု ထင်ရသော်လည်း၊ လက်တွေ့တွင် အလွန်ခက်ခဲပြီး ကျွမ်းကျင်မှုနှင့် လေ့ကျင့်မှုများစွာ လိုအပ်သည်။ နှာခေါင်းဖြင့် မှုတ်တီးရာတွင် မှန်ကန်သော ဂီတတေးသွားများ ထွက်ပေါ်လာရန် အသက်ရှူမှုကို ထိန်းချုပ်ရန်နှင့် အဆက်မပြတ် လေမှုတ်နိုင်ရန် လိုအပ်သည်။
“နှာခေါင်းနဲ့ ပုလွေမှုတ်ရတာ တကယ်ခက်တယ်။ အသက်ရှူမှုကို ထိန်းချုပ်ဖို့ အချိန်အကြာကြီး လေ့ကျင့်ရတယ်။ ဒါပေမယ့် အဲဒီအသံက ထူးခြားတယ်၊ နားထောင်သူတွေကို စွဲမက်စေတယ်။” ဟု ဒိုင်ရ်အဖိုးအိုတစ်ဦးက ပြောပြသည်။
ဤတူရိယာကို တီးခတ်နိုင်သူများသည် ဂီတအပေါ် ဝါသနာပါမှုနှင့် စိတ်ရှည်မှုဖြင့် ဤပညာကို သင်ယူလေ့ရှိကြသည်။ ၎င်းသည် ဒိုင်ရ်လူမျိုးများ၏ စိတ်ဓာတ်နှင့် ၎င်းတို့၏ ယဉ်ကျေးမှုအပေါ် ထားရှိသော မြတ်နိုးမှုကို ထင်ဟပ်စေသည်။
၄။ ပုလွေ၏ လက်မှုပညာနှင့် ပုလွေ၏ ပုံစံ(Design)
ဒိုင်ရ်လူမျိုးများသည် ပုလွေကို ဝါးဖြင့် ပြုလုပ်ကြပြီး၊ ၎င်းတို့၏ပုံစံသည် ရိုးရှင်းသော်လည်း လုပ်ဆောင်နိုင်စွမ်း မြင့်မားသည်။ ဝါးရဲ့အလျားနှင့် အထူအလိုက် အပေါက်သုံးပေါက်မှ ငါးပေါက်အထိ ပြုလုပ်ကြသည်။ “ကျွန်တော်တို့ ပုလွေလုပ်တဲ့အခါ ဝါးကိုသာ အသုံးပြုလေ့ရှိတယ်။ ဝါးရဲ့အတိုအရှည်အလိုက် အပေါက်တွေ ပြုလုပ်ပြီး၊ အသံထွက်ရှိမှုကို စမ်းသပ်ရတယ်။” ဟု ဒိုင်ရ်အဖိုးအိုတစ်ဦးက ၎င်း၏ အတွေ့အကြုံကို မျှဝေသည်။
ပုလွေ၏ ပုံစံသည် ဒေသအလိုက် အနည်းငယ် ကွဲပြားနိုင်သော်လည်း၊ ၎င်း၏ အဓိကလက္ခဏာမှာ ရိုးရှင်းမှုနှင့် သဘာဝပစ္စည်းများကို အသုံးပြုခြင်းဖြစ်သည်။ ဝါးသည် ဒေသတွင်း အလွယ်တကူ ရရှိနိုင်ပြီး ပေါ့ပါးကာ ပြုလုပ်ရ လွယ်ကူသောကြောင့် ပုလွေပြုလုပ်ရာတွင် အဓိကပစ္စည်းအဖြစ် ဒိုင်ရ်လူမျိုးများက အသုံးပြုကြသည်။
၅။ ပုလွေ၏ အသုံးပြုမှုနှင့် ယဉ်ကျေးမှုအရ အရေးပါမှု
ဒိုင်ရ်လူမျိုးများသည် ပုလွေကို ၎င်းတို့၏ နေ့စဉ်ဘဝတွင် စိတ်ပိုင်းဆိုင်ရာ အနားယူမှုနှင့် အနုပညာဖန်တီးမှုအတွက် အသုံးပြုကြသည်။ ၎င်းတို့၏ တေးသွားများသည် တောင်တန်းဒေသ၏ သဘာဝအလှများ၊ ဘဝဇာတ်ကြောင်း၊ အချစ်ခံစားမှုများနှင့် သမိုင်းကြောင်းများကို ထင်ဟပ်ပြသသကဲ့သို့ ရသခံစားမှုကို ရရှိသည်။
“ကျွန်မတို့ ဒိုင်ရ်တွေက ပုလွေကို အလွမ်းသီချင်းတွေမှာ အဓိကအသုံးပြုတယ်။ တစ်စုံတစ်ယောက်ကို လွမ်းဆွတ်တဲ့အချိန် ဒါမှမဟုတ် သမိုင်းကြောင်းတွေကို ပြန်ပြောပြတဲ့အခါ ပုလွေရဲ့အသံက အထူးအဓိပ္ပာယ်ရှိတယ်” ဟု ဒိုင်ရ်အဘွားအိုတစ်ဦးက ဖော်ပြသည်။
ရှေးယခင်က ပုလွေသည် နတ်ပွဲ၊ ဈာပနပွဲ၊ ပွဲတော်နေ့များနှင့် လူမှုရေးအခမ်းအနားများတွင် ဖျော်ဖြေရေးအတွက် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။ လူငယ်များအကြား အချစ်သီချင်းများနှင့် အလွမ်းသီချင်းများကို သီဆိုရာတွင်လည်း ပုလွေကို အသုံးပြုလေ့ရှိသည်။ ၎င်းသည် ဒိုင်ရ်လူမျိုးများ၏ စိတ်ခံစားမှုများကို ဖော်ပြရာတွင် အဓိကကျသော တူရိယာတစ်မျိုး ဖြစ်သည်။
၆။ ပုလွေနှင့် ဒိုင်ရ်လူမျိုးများ၏ နေ့စဉ်ဘဝ
ဒိုင်ရ်လူမျိုးများသည် တောင်တန်းဒေသများတွင် နေထိုင်ကြပြီး သူတို့၏ နေ့စဉ်ဘဝသည် တောင်ယာလုပ်ငန်းများနှင့် ပြည့်နှက်နေသည်။ ဤလုပ်ငန်းများသည် ပင်ပန်းကြမ်းတမ်းသော်လည်း ပုလွေသည် သူတို့အတွက် စိတ်ပိုင်းဆိုင်ရာ အနားယူမှုကို ပေးစွမ်းနိုင်သည်။ နှာခေါင်းဖြင့် မှုတ်တီးသည့် ပုလွေ၏ ထူးခြားသော အသံသည် နားဆင်သူများကို စွဲမက်စေပြီး သူတို့၏ ဘဝအတွေ့အကြုံများနှင့် သဘာဝတရားကို ချိတ်ဆက်ပေးသည်။
ပုလွေဖြင့် ဖန်တီးထားသော တေးသွားများသည် ဒိုင်ရ်လူမျိုးများ၏ သမိုင်းနှင့် ယဉ်ကျေးမှုကို ထင်ဟပ်စေသည့်အပြင် တောင်တန်းဒေသ၏ သဘာဝအလှများ၊ ဘဝအတက်အကျများနှင့် စိတ်ခံစားမှုများကို ပုံဖော်ထားသည်။ ၎င်းသည် ဒိုင်ရ်လူမျိုးများ၏ စိတ်ဓာတ်နှင့် သူတို့၏ ယဉ်ကျေးမှုအပေါ် ထားရှိသော မြတ်နိုးမှုကို ထင်ဟပ်စေသည်။
၇။ ရင်ဆိုင်နေရသော စိန်ခေါ်မှုများ
ရှေးယခင်က ဒိုင်ရ်ကျေးရွာများတွင် နှာခေါင်းဖြင့် ပုလွေမှုတ်တီးနိုင်သည့် ပညာရှင်များစွာ ရှိခဲ့သော်လည်း ၁၉၇၅ ခုနှစ်နောက်ပိုင်းတွင် ဤဓလေ့ကို ကျွမ်းကျင်စွာ ဆက်လက်တီးမှုတ်နိုင်သူများ သိသိသာသာ လျော့နည်းလာခဲ့သည်။ ခေတ်သစ်ယဉ်ကျေးမှုနှင့် နည်းပညာများ၏ လွှမ်းမိုးမှုကြောင့် ရိုးရာဂီတဓလေ့များသည် တဖြည်းဖြည်း ပျောက်ကွယ်လာနိုင်သည့် အန္တရာယ်နှင့် ရင်ဆိုင်နေရသည်။ အထူးသဖြင့် လူငယ်များအကြား ဤရိုးရာဂီတကို သင်ယူလိုသူ နည်းပါးလာခြင်းသည် စိုးရိမ်စရာဖြစ်လာသည်။
ခေတ်မီဂီတနှင့် ဒစ်ဂျစ်တယ်ဖျော်ဖြေရေးများသည် လူငယ်များ၏ စိတ်ဝင်စားမှုကို ဆွဲဆောင်နေပြီး၊ ရိုးရာဂီတကို သင်ယူရန် စိတ်အားထက်သန်မှု နည်းပါးလာသည်။ ထို့အပြင် ဒိုင်ရ်လူမျိုးများ၏ နေ့စဉ်ဘဝတွင် စီးပွားရေးနှင့် လူမှုရေးအခက်အခဲများကြောင့် ယဉ်ကျေးမှုထိန်းသိမ်းရေးအတွက် အချိန်နှင့် အရင်းအမြစ်များ အကန့်အသတ်ရှိလာသည်။
၈။ ထိန်းသိမ်းရေးနှင့် အနာဂတ်အလားအလာ
ဒိုင်ရ်လူမျိုးများ၏ နှာခေါင်းဖြင့် ပုလွေမှုတ်တီးခြင်း ဓလေ့သည် ၎င်းတို့၏ ယဉ်ကျေးမှုအမွေအနှစ်၏ အဓိကအစိတ်အပိုင်းတစ်ခုဖြစ်သည်။ ဤဓလေ့ဆက်လက်တည်တံ့ရန်အတွက် ဒေသခံအသိုင်းအဝိုင်းများ၊ ယဉ်ကျေးမှုထိန်းသိမ်းရေးအဖွဲ့များနှင့် ပညာရေးဌာနများသည် ပူးပေါင်းကြိုးပမ်းမှုများ ပြုလုပ်ရန် လိုအပ်သည်။
ဤဓလေ့ကို ထိန်းသိမ်းရန်အတွက် အောက်ပါအဆိုပြုချက်များကို အကောင်အထည်ဖော်နိုင်သည်။
(က) ပညာရေးအစီအစဉ်များ – ဒေသတွင်းကျောင်းများတွင် ပုလွေတီးခတ်နည်းကို သင်ကြားပေးသည့် သင်ရိုးညွှန်းတမ်းများ ထည့်သွင်းရန်။
(ခ) ယဉ်ကျေးမှုပွဲတော်များ – ပုလွေတီးခတ်မှုကို ပြသရန်နှင့် လူငယ်များအား စိတ်ဝင်စားမှု ဖန်တီးရန်အတွက် ဒေသတွင်း ယဉ်ကျေးမှုပွဲတော်များ ကျင်းပရန်။
(ဂ) မှတ်တမ်းတင်ခြင်း – ပုလွေတီးခတ်နည်းနှင့် ၎င်း၏ သမိုင်းကြောင်းကို မှတ်တမ်းတင်ရန်နှင့် ဒစ်ဂျစ်တယ်ပုံစံဖြင့် သိမ်းဆည်းရန်။
ဤကြိုးပမ်းမှုများသည် ဒိုင်ရ်လူမျိုးများ၏ ဂီတအမွေအနှစ်ကို မျိုးဆက်သစ်များထံ လွှဲပြောင်းပေးနိုင်မည် ဖြစ်သည်။
၉။ နိဂုံး
ဒိုင်ရ်လူမျိုးများ၏ နှာခေါင်းဖြင့် ပုလွေမှုတ်တီးခြင်းသည် ၎င်းတို့၏ ယဉ်ကျေးမှုနှင့် ဂီတအမွေအနှစ်၏ အဓိကအစိတ်အပိုင်းတစ်ခု ဖြစ်သည်။ ရိုးရှင်းသော ဝါးပုလွေတစ်ချောင်းမှ ဖန်တီးထားသည့် ကြည်နူးစရာကောင်းသော တေးသွားများသည် ၎င်းတို့၏ ဘဝ၊ ခံစားချက်နှင့် သဘာဝတရားတို့ကို ဖော်ပြထားသည်။ သို့သော် ခေတ်ပြောင်းလဲလာသည်နှင့်အမျှ ဤထူးခြားသော ဓလေ့သည် ပျောက်ကွယ်လာနိုင်သည့် အန္တရာယ်နှင့် ရင်ဆိုင်နေရသည်။ ဒိုင်ရ်လူမျိုးများ၏ ဂီတအမွေအနှစ်ကို ထိန်းသိမ်းရန်နှင့် မျိုးဆက်သစ်များထံ လွှဲပြောင်းပေးရန် အသိုင်းအဝိုင်းအားလုံး၏ ပူးပေါင်းကြိုးပမ်းမှုများ လိုအပ်လျက်ရှိသည်။ ဤရိုးရာဓလေ့သည် ဒိုင်ရ်လူမျိုးများ၏ ဂုဏ်ယူဖွယ်အမွေအနှစ်တစ်ခုအဖြစ် ဆက်လက်ရှင်သန်နိုင်ရန် မျှော်လင့်ရမည်ဖြစ်သည်။
ဆမ်မာန်း
