
ပလက်ဝမြို့နယ် အပါအဝင် မင်းတပ်၊ မတူပီနှင့် ကန်ပက်လက်မြို့နယ်များတွင် ရွေးကောက်ပွဲကျင်းပရန် အခြေအနေမရှိကြောင်း အကြမ်းဖက်စစ်ကော်မရှင် ထုတ်ပြန်
စက်တင်ဘာလ ၁၅ ရက်၊ ၂၀၂၅။
ချင်းပြည်၊ ပလက်ဝမြို့နယ် အပါအဝင် မင်းတပ်၊ မတူပီနှင့် ကန်ပက်လက်မြို့နယ်များတွင် လာမည့် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ရွေးကောက်ပွဲကျင်းပရန် အခြေအနေမရှိကြောင်း အကြမ်းဖက်စစ်ကော်မရှင်က စက်တင်ဘာလ ၁၄ ရက်နေ့တွင် ထုတ်ပြန်ထားသည်၊၊
ချင်းပြည်နယ်ရှိ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်များထဲမှ မတူပီမြို့နယ်၊ မင်းတပ်မြို့နယ်၊ ကန်ပက်လက်မြို့နယ်နှင့် ပလက်ဝမြို့နယ် မဲဆန္ဒနယ် ၄ ခုကိုလည်းကောင်း၊ အမျိုးသားလွှတ်တော် မဲအများဆုံးရသူအနိုင်ယူစနစ် (FPTP) မဲဆန္ဒနယ်များထဲမှ မတူပီခရိုင်၊ မင်းတပ်ခရိုင်နှင့် ပလက်ဝခရိုင် မဲဆန္ဒနယ် ၃ ခုကို လည်းကောင်း၊ ချင်းပြည်နယ်လွှတ်တော် မဲအများဆုံးရသူအနိုင်ယူစနစ်(FPTP) မဲဆန္ဒနယ်ထဲမှ မတူပီမြို့နယ်၊ မင်းတပ်မြို့နယ်၊ ကန်ပက်လက်မြို့နယ်နှင့် ပလက်ဝမြို့နယ် မဲဆန္ဒနယ် ၄ ခုကိုလည်းကောင်း၊ စုစုပေါင်း မဲဆန္ဒနယ် ၁၁ ခုတွင် ရွေးကောက်ပွဲ ကျင်းပမည် မဟုတ်ကြောင်း အကြမ်းဖက်စစ်ကော်မရှင်၏ ကြေညာချက်အရ သိရသည်။
ရွေးကောက်ပွဲကျင်းပရန် အခြေအနေမရှိသည့် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် (၅၆) နယ်၊ အမျိုးသားလွှတ်တော် မဲအများဆုံးရသူအနိုင်ယူစနစ်(FPTP) မဲဆန္ဒနယ် (၉) နယ်နှင့် တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် မဲအများဆုံးရသူအနိုင်ယူစနစ်(FPTP) မဲဆန္ဒနယ်(၅၆) နယ် တို့ဖြစ်သည်။¥
လက်ရှိကြေငြာထားသည်မှာ ကချင်ပြည်နယ်တွင် ၄ မြို့နယ်၊ ကရင်နီ(ကယား) ပြည်နယ်တွင် ၃ မြို့နယ်၊ ချင်းပြည်တွင် ၄ မြို့နယ်၊ ရခိုင်ပြည်နယ်တွင် ၁၀ မြို့နယ်၊ ရှမ်းပြည်နယ်တွင် ၁၇ မြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် ၁၀ မြို့နယ်၊ မကွေးတိုင်းဒေသကြီးတွင် ၅ မြို့နယ်နှင့် မန္တလေးတိုင်းဒေသကြီးတွင် ၃ မြို့နယ်တို့ ဖြစ်သည်။
ရွေးကောက်ပွဲမပြုလုပ်မည့် အမျိုးသားလွှတ်တော် FPTP မဲဆန္ဒနယ် (၉) နယ်မှာ ကရင်နီ(ကယား) ပြည်နယ်တွင် ဖားဆောင်း၊ မယ်စဲ့နှင့် ရှားတောမြို့နယ်၊ ချင်းပြည်နယ်တွင် ပလက်ဝ၊ မတူပီ၊ မင်းတပ်ခရိုင်၊ ရခိုင်ပြည်နယ်ထဲတွင် မောင်တော၊ မြောက်ဦးခရိုင်နှင့် ရှမ်းပြည်နယ်ထဲတွင် ပလောင်နှင့် ကိုးကန့်တို့၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတို့ ပါဝင်သည်၊၊
ရွေးကောက်ပွဲအပိုင်း ၁ တွင် ချင်းပြည်၊ ဟားခါးနှင့် တီးတိန်မြို့နယ်တို့ ပါဝင်မည်ဟု ကြေညာထားပြီး ဖလမ်း၊ ထန်တလန်နှင့် တွန်းဇံမြို့နယ်တို့၏ အခြေအနေကို ကြေညာထားခြင်းမရှိသေးပေ။
အကြမ်းဖက်စစ်ကော်မရှင်သည် ရွေးကောက်ပွဲအတွက် နိုင်ငံတဝန်း မြို့နယ်ပေါင်း ၃၃၀ တွင် မဲဆန္ဒနယ်များ သတ်မှတ်ထားပြီး ၎င်းတို့ ထိန်းချုပ်ထားသည့် ၁၀၂ မြို့နယ်တွင်သာ ကနဦးပြုလုပ်ရန် စီစဉ်ထားသည်ကို သိရသည်။
သတင်း – ပီတာ
