ပလက်ဝမြို့နယ်၊ ဒိုင်ရ်ဒေသတွင် သွေးလွန်တုပ်ကွေးရောဂါကြောင့် ကလေးငယ် ၃ ဦးအပါအဝင် ၄ ဦး အသက်သေဆုံး
စက်တင်ဘာလ ၁၆ ရက်၊ ၂၀၂၅။
ချင်းပြည်၊ ပလက်ဝမြို့နယ်၊ ဒိုင်ရ်ဒေသကောင်စီ အုပ်ချုပ်ရေးနယ်မြေရှိ ကျေးရွာများတွင် သွေးလွန်တုပ်ကွေး ရောဂါကြောင့် ကလေးငယ် ၃ ဦး အပါအဝင် ၄ ဦး အသက်သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ဒိုင်ရ်ဒေသကောင်စီ အုပ်ချုပ်ရေးနယ်မြေရှိ ကျေးရွာ ၁၀ ရွာဝန်းကျင်တွင် ပြီးခဲ့သည့် သြဂုတ်လမှစ၍ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားနေပြီး ကူးစက်မှုမြန်ဆန်မှုရှိကာ ယခုလ စက်တင်ဘာလ ပထမအပတ်တွင် ကလေးသူငယ်နှင့် လူကြီးများသည် သေဆုံးမှုရှိလာကြောင်း ဒေသခံများက ပြောသည်။
“သွေးလွန်တုပ်ကွေးက အသက် ဆယ့်ငါးနှစ်အောက်ကလေးတွေ ဖြစ်တာများတယ်။ ရွာတိုင်းလိုလိုဖြစ်တော့ တစ်အိမ်မှာ ကလေးသုံးယောက်ရှိရင် နှစ်ယောက်က ဖျားတာပဲ။ ရောဂါလက္ခဏာက ဖျားတဲ့အပြင် ခေါင်းကိုက်၊ အော့အန်၊ မူးဝေ၊ လည်ချောင်းနာ၊ ဝမ်းလျော၊ ချမ်းတုန်တာတွေ ဖြစ်ကြတယ်။ ရွာမှာ ဆေးခန်းတော့ရှိပေမယ့် ကျန်းမာရေးဝန်ထမ်းတွေရယ်၊ ဆေးရယ်မရှိတော့ နည်းနည်းပါးပါးသိတဲ့သူတွေက ရမ်းသမ်းပြီး ဆေးကုရတာပဲ။ ခုဆို အသက်သေဆုံးတဲ့အထိ ဖြစ်နေပြီ…” ဟု ဝမ်းနည်းစွာဖြင့် ဒေသခံတစ်ဦးက ခူမီးမီဒီယာသို့ ပြောသည်။
သွေးလွန်တုပ်ကွေးရောဂါကြောင့် သေဆုံးသူများမှာ မောင်ရွာမှ မောင်ထောင်လွန်(အသက် ၉ လ)၊ ဗုဒ္ဓဂါမရွာမှ မောင်ဘူးနိုင်(အသက် ၉ နှစ်)၊ အထက်ဗုဒ္ဓဂါမကျေးရွာမှ မောင်ပိုင်လင်းထွန်း(အသက် ၁ နှစ်)နှင့် ကိုဖေကြီးကျေးရွာမှ မောင်အိုင်လုံးဘူ(အသက် ၁၉ နှစ်) တို့ဖြစ်သည်။
ထိုကျေးရွာများတွင် သွေးလွန်တုပ်ကွေးရောဂါ ကူးစက်မှုဖြစ်ပွားနေသောကြောင့် ကျန်းမာရေးဝန်ထမ်းများနှင့် ဆေးဝါးများ အရေးပေါ် အကူအညီလိုအပ်နေသည်။
ဒိုင်ရ်ဒေသတွင် ဒေသခံများသည် ဆေးရုံ၊ ဆေးခန်းရှိရာသို့ သွားရောက်ရန် လမ်းခရီးအခက်အခဲနှင့် ငွေကြေးများ အခက်အခဲရှိသောကြောင့် ယခုဖြစ်ပွားသည့် သွေးလွန်တုပ်ကွေးရောဂါအပြင် ပြီးခဲ့သည့်နှစ်မှစ၍ ငှက်ဖျားရောဂါနှင့် ဝမ်းလျောဝမ်းပျက်ရောဂါကြောင့် အသက်သေဆုံးခဲ့ရသည်များရှိကြောင်း သိရသည်။
သတင်း – James Roe
