ဒေသ ၂ ဒိုင်ရ်ဒေသ၊ ဟုမ်းကျေးရွာတွင် ငှက်ဖျားနှင့် သွေးလွန်တုပ်ကွေးရောဂါကြောင့် ကလေးငယ်တစ်ဦး အသက်သေဆုံး
စက်တင်ဘာလ ၁၇ ရက်၊ ၂၀၂၅။
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ဒေသ ၂ ဒိုင်ရ်ဒေသ၊ ဟုမ်းကျေးရွာတွင် ငှက်ဖျားရောဂါနှင့် သွေးလွန်တုတ်ကွေးရောဂါကြောင့် အသက်ငါးနှစ် ကလေးငယ်တစ်ဦး အသက်သေဆုံးသွားကြောင်း ဒေသခံများထံမှ သိရသည်။
ပလက်ဝမြို့နယ်၊ ဒေသ ၂ ဒိုင်ရ်ဒေသ၊ ဟုမ်းကျေးရွာတွင်နေထိုင်သည့် အင်္ဂလီကန်အသင်းတော်မှ ဓမ္မဆရာ ဦးအိုင်ထန်နှင့် ဒေါ်ကေ့လွန်တို့၏ သမီးဖြစ်သူ မဆွေးအိုင်ထန် (အသက် ၅ နှစ်) သည် ပြီးခဲ့သည့် စက်တင်ဘာလ ၁၅ ရက်နေ့ ညနေ ၄ နာရီ ၄၅ မိနစ်တွင် ငှက်ဖျားရောဂါနှင့် သွေးလွန်တုတ်ကွေးရောဂါကြောင့် အသက်သေဆုံးသွားရခြင်း ဖြစ်ကြောင်း ဆွေးမျိုးတစ်ဦးက ပြောသည်။
“ကလေးလေးကငှက်ဖျားရောဂါနဲ့ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပြီးတော့ မနေ့ညနေက ဆုံးသွားတာပါ။ ရွာမှာ ကလေးတွေရော လူကြီးတွေ အများကြီး ဖျားနာကြတယ်။ ရွာမှာ ငှက်ဖျားရောဂါနဲ့ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်တာ ဇွန်လကတည်းကနေဖြစ်ကြတာ။ ဆေးဝါးကမလုံလောက်တော့ ပြန်ပြီး ဒီလအစပိုင်းမှာ ပြင်းပြင်းထန်ထန်ကို ဖြစ်လာကြပြီးတော့ ခုလို ကလေးလေး အသက်သေဆုံးတဲ့အထိ ဖြစ်လာရတာ။ ရွာမှာ ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်နေပါတယ်…” ဟု ဟုမ်းကျေးရွာမှ ဆွေမျိုးနီးစပ်သူတစ်ဦးက ခူမီးမီဒီယာသို့ပြောသည်။
ဟုမ်းကျေးရွာတွင် ယခုကဲ့သို့ ငှက်ဖျားရောဂါနှင့် သွေးလွန်တုတ်ကွေးရောဂါသည် လူကြီးများနှင့် ကလေးများတွင် အဖြစ်များလာသည့်အတွက် ဆေးဝါးကုသရန် ကျန်းမာရေးဝန်ထမ်းများနှင့် ဆေးဝါးများ လိုအပ်မှုရှိနေပြီး လက်ရှိတွင် စာသင်ကျောင်းများကိုလည်း ပိတ်ထားရကြောင်း ဒေသခံများက ပြောသည်။
ဒေသ ၂ ဒိုင်ရ်ဒေသတွင် ကျေးရွာပေါင်း ၅၃ ရွာရှိပြီး လက်ရှိ ကျေးရွာတိုင်းတွင်ရှိသည့် ကလေးသူငယ်များနှင့် လူကြီးများသည် ငှက်ဖျားနှင့် တုပ်ကွေးရောဂါ ကူးစပ်ခံနေရပြီး ကလေးသူငယ် ၄ ဦးနှင့် လူငယ် တစ်ဦး စုစုပေါင်း ၅ ဦးအထိ အသက်သေဆုံးခဲ့ရပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
သတင်း – James Roe
