ချင်းပြည်အတွင်း ချင်းပြည်အစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနမှ ခွဲခြားမှုမရှိ ကျန်းမာရေးဝန်ဆောင်မှုပေး
စက်တင်ဘာလ ၁၈ ရက်၊ ၂၀၂၅။
ချင်းလဲန်းကောင်စီ၊ ချင်းပြည်အစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာန၏ ဆေးရုံ၊ ဆေးခန်းများတွင် ချင်းပြည်သူများ အားလုံးကို ကျန်းမာရေးစောင့်ရှောက်မှု ပေးသွားမည်ဖြစ်ကြောင်းနှင့် ချင်းတော်လှန်ရေးအဖွဲ့များ ကွဲနေသော်လည်း ကျန်းမာရေး ဝန်ဆောင်မှုအပေါ် သက်ရောက်မှုရှိမည် မဟုတ်ကြောင်း ကျန်းမာရေးဝန်ကြီးက ပြောသည်ကို ခိုနူမ်းသုန်သတင်းတွင် ဖော်ပြထားသည်။
ချင်းပြည်အစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာအနေဖြင့် ဆေးရုံ၊ ဆေးခန်းများတွင် မည်သူ့ကိုမဆို မခွဲခြားပဲ ကျန်းမာရေးစောင့်ရှောက်မှု ပေးသည့်အပြင် သူနာပြုသင်တန်းကျောင်းတွင်လည်း နေရဒေသအသီးသီးမှ သင်တန်းသားများလက်ခံနေပြီး ချင်းတော်လှန်ရေးအဖွဲ့များ မည်သို့ပင်ကွဲနေစေကာမူ တစ်နေ့တွင် ပြန်လည်စုမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီး Dr. Sharon Par က ပြောသည်။
ချင်းပြည်အစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနသည် ပြီးခဲ့သည့်နှစ်တွင် ချင်းပြည်အတွင်းရှိ ၇ နေရာ ကို ကျန်းမာရေးစောင့်ရှောက်မှု ပိုမိုကောင်းမွန်စေရန် ကွင်းဆင်း ဆောင်ရွက်ခဲ့ပြီး ယခုနှစ်တွင် ၁၀ နေရာအထိ သွားရောက်ခဲ့ကြောင်း သိရသည်။
ထို့အပြင် ကျန်ရှိနေသည့်ယခုနှစ်နှင့် လာမည့်နှစ်များတွင်လည်း အခြားဒေသများကို သွားရောက်ရန် အစီအစဉ်ရှိကြောင်း သိရသည်။
ချင်းပြည်အစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနသည် ချင်းပြည်အတွင်း ကျန်းမာရေး မူဝါဒနှင့် လမ်းညွန်ချက်များကို ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်နေပြီး ကျန်းမာရေးလူ့စွမ်းအား အရင်းအမြစ်ရှားပါးမှုကို ဖြည့်ဆည်းနိုင်ရေးအတွက် NUG အစိုးရ၊ ကျန်မာရေးဝန်ကြီးဌာနနှင့် ပူးပေါင်း၍ သူနာပြုကျောင်းဖွင့်လှစ်က သင်ကြားပေးလျက်ရှိပြီး လာမည့် နိုဝင်ဘာလတွင် ဒုတိယအသုတ် ထပ်မံဖွင့်လှစ်နိုင်ရန် ပြင်ဆင်နေကြောင်း သိရသည်။
သတင်း – Jame Roe

