ULA/AA က ပလက်ဝခရိုင်ဆိုပြီး ရခိုင်ပြည်ထဲထည့်သွင်းသည့်အပေါ် CDF – Paletwa တာဝန်ခံက The Zotung Post သတင်းဌာနတွင် ဖြေကြား
စက်တင်ဘာလ ၁၉ ရက်၊ ၂၀၂၅။
ချင်းပြည်၊ ပလက်ဝမြို့နယ်ကို ULA/AA က ပလက်ဝခရိုင်ဆိုပြီး ရခိုင်ပြည်ထဲထည့်သွင်းသည့်အပေါ် ပလက်ဝပြည်သူအနေဖြင့်၊ ပလက်ဝကောင်စီအနေဖြင့် မည်သို့ခံယူကြောင်း CDF – Paletwa တာဝန်ခံက The Zotung Post သတင်းဌာနတွင် ဖြေကြားထားသည်ကို သိရသည်။
ပလက်ဝမြို့နယ်သည် ပြည်ထောင်စုမြန်မာနိုင်ငံ စ၍ တည်ထောင်ကတည်းက ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ဖြစ်ကြောင်း CDF-Paletwa တာဝန်ခံ Salai Luke က ဆိုသည်။
“ULA/ AA တွေက စစ်ရေးအရ ပလက်ဝမြို့နယ်က စစ်ကောင်စီတွေကို မောင်းထုတ်နိုင်တယ်။ စခန်းတွေလည်း သိမ်းနိုင်တယ်။ အဲဒါတွေက စစ်ရေးအရ ပလက်ဝကို သိမ်းနိုင်တာပဲဖြစ်တယ်။ ဒါပေမယ့် မြေဟာဆိုရင် ပလက်ဝမြေပဲဖြစ်တယ်။ ပြီးတော့ မြေက ပလက်ဝမြေဖြစ်တဲ့အတွက်ကြောင့် ပလက်ဝမြေက ချင်းပြည်နယ်ရဲ့ မြေဖြစ်တယ်။ အဲဒီ အရှိတရားအတိုင်း လက်ခံရမှာပေါ့…” ဟု Salai Luke က ပြောသည်။
ပလက်ဝအရေးကို Chinland Council နှင့် Chin Brotherhood တို့သည် ULA/ AA နှင့် ကောင်းမွန်သည့် ပလက်ဝအရေးများကို ဆွေးနွေးခြင်းမျိုးလည်း မတွေ့ရကြောင်းနှင့် ပလက်ဝအရေးနှင့်ပတ်သက်၍ ကောင်းမွန်သည့် ဆွေးနွေးခြင်းများရှိကြောင်းလည်း မသိရှိရကြောင်း၊ ယနေ့အချိန်အထိလည်း မကြားသိရကြောင်း Salai Luke က ပြည်သူတစ်ယောက်၏အမြင်ဖြင့် ပြောသည်။
ပြည်သူတစ်ယောက်အနေဖြင့် ပလက်ဝအရေးကို မည်သို့ပါဝင်ရမည်၊ ဘယ်လိုလုပ်ရမည် ဆိုလျှင် “ပြည်သူတစ်ယောက်အနေနဲ့ စဥ်းစားမယ်ဆိုရင် အဓိက CCအနေနဲ့ရော CB အနေနဲ့ရော ULA/ AA နဲ့ ကောင်းမွန်တဲ့ဆက်ရေးကို မဟာမိတ်အနေနဲ့ တည်ဆောက်ရမှာပဲ၊ ပလက်ဝအရေး ပဋိပက္ခမဖြစ်အောင် ကောင်းကောင်းလေး သူတို့နဲ့ ဆက်ဆံရေးရော မဟာမိတ်အနေနဲ့ရော ပူးပေါင်းဆောင်ရွက်ရမယ်လို့ ပြည်သူတစ်ယောက်အနေနဲ့ မြင်ပါတယ်…” ဟု ပြောသည်။
ထို့အပြင် “စနစ်ကျတဲ့ ပလက်ဝ ပြည်သူတွေရဲ့ စုစည်းမူလည်းလိုအပ်တယ်။ ပလက်ဝက ချင်းပြည်နယ်ပါလို့ ကျွန်တော်တို့ ပြည်သူတွေက အော်နေရင်လည်း အမှန်ဆို အော်နေမယ့်အစား တော်လှန်ရေးကို ဘယ်လိုမျိုးပါဝင်ရမလဲ ဆိုတာက ပလက်ဝပြည်သူလူထုရဲ့ အဓိက စုစည်းမှုတော့လိုအပ်တယ်။ ပြည်တွင်း/ပြည်ပမှာရှိတဲ့ ပလက်ဝပြည်သူတွေလည်း တကယ့်တစိုက်မတ်မတ်နဲ့ ရပ်တည်ပေးဖို့ လိုအပ်တယ်။ နိုင်ငံတကာအသိုင်းအဝိုင်းကိုလည်း ချင်းအနေနဲ့ ချဉ်းကပ်ရမယ်လို့ မြင်တယ်။ ပလက်ဝနယ်မြေဟာ ULA/ AA တွေ ခရိုင်တစ်ခုအနေနဲ့ ကြေညာနေပေမယ့်လည်း ကမ္ဘာသိ၊ မြန်မာနိုင်ငံသိကတော့ ချင်းပြည်နယ် ပလက်ဝပဲ ဖြစ်ပါတယ်။ အဲဒါက ဒီအတိုင်းပဲ တည်ရှိနေမှာပါ…” ဟု CDF-Paletwa တာဝန်ခံ Salai Luke က ဖြေကြားထားသည်။
သတင်း – James Roe
