တော်လှန်ရေး Virus
=====================
တော်လှန်ရေးကာလတွင် ပြည်သူနှင့် တော်လှန်ရေးဆိုပြီး သီးသန့်ခွဲထုတ်၍မရပေ။ တော်လှန်ရေးအတွက် လိုအပ်သည့် ငွေကြေး၊ စားနပ်ရိက္ခာနှင့် လက်နက်က ပြည်သူဆီမှ စီးဆင်းလာခြင်း ဖြစ်သည်။ အထူးသဖြင့် တော်လှန်ရေးသမားများ(လက်နက်ကိုင်များ) ကိုယ်တိုင်သည် ပြည်သူထဲက ပြည်သူများ ဖြစ်နေသည်။
သို့သော် တော်လှန်ရေးသမားများသည် လက်နက်ကို အရသာတွေ့ပြီး ပြည်သူများအပေါ် ဆက်ဆံမှု ပြောင်းလဲလာလျှင် ပြည်သူနှင့် တော်လှန်ရေးသမားဆို၍ ကွဲထွက်သွားသည်။ ထိုသို့ ကွဲထွက်မှုက တော်လှန်ရေး၏ Virus ဖြစ်လာပါလိမ့်မည်။
မည်သည့် လက်နက်ကိုင်အဖွဲ့ကိုမဆို ပြည်သူများက ထောက်ပံ့သည်။ ပြည်သူ့အထောက်အပံ့နှင့် ရပ်တည်သည်။ တဖန် လက်နက်ကိုင်သည်သူများက ပြည်သူကို ပြန်ပြီး အကြမ်းဖက်မှုများမှ ကာကွယ်ရမည်။ ထိုအရာသည် လက်နက်ကိုင်နှင့် ပြည်သူကြား အပေးအယူမျှသည့် တော်လှန်ရေးပင် ဖြစ်သည်။ ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ သဘောပင်ဖြစ်သည်။ (သို့သော် အကြမ်းဖက်အုပ်စုကိုတော့ထားလိုက်ဦး။) ပြည်သူ့အထောက်အပံ့ကိုရယူပြီး လက်နက်ကိုင်သည့်နှစ်ဖွဲ့က အချင်းချင်းပစ်ခတ်မည်ဆိုလျှင် ပြည်သူများသည် အကာအကွယ် မဲ့လာပါသည်။ ယုံကြည်မှု ကင်းမဲ့လာပါသည်။ ပြည်သူ့ဆီက စီးဆင်းမည့် အထောက်အပံ့များ လျော့နည်းလာပါသည်။ ၎င်းသည် တော်လှန်ရေး၏ Virus ဖြစ်သည်။
မည်သည့်အဖွဲ့ဖြစ်စေကာမူ “ငါတို့သည်သာ မှန်တယ်…” ဟု မည်မျှပင်အော်ပြောစေကာမူ၊ ပြည်သူကို မည်မျှပင် စည်းရုံးစေကာမူ ပြည်သူများမြင်သည်မှာ ဤအဖွဲ့နှစ်ခုကြားက ပဋိပက္ခပင် ဖြစ်သည်ဟု အမြင်ရှိသည်။ ပြည်သူ့ထံမှ အထောက်အပံ့လျော့နည်းလာလျှင် ပြည်သူက တော်လှန်ရေးမှ သွေဖီလာခြင်းမဟုတ်ဘဲ ထိုနှစ်ဖွဲ့၏ ပဋိပက္ခကို အမှန်တကယ် စိတ်ပျက်လာသောကြောင့်ပင် ဖြစ်သည်။ အကျိုးဆက်ဖြစ်သည့် ရေရှည်တိုက်ပွဲများ ဖြစ်လာမည်ကို ပြည်သူများက မလိုလားပေ။ ထိုအရာသည် တော်လှန်ရေးအတွက် Virus ဖြစ်ပါသည်။
CNA က ဖြစ်ဖြစ်၊ CDF က ဖြစ်ဖြစ် ရဲဘော်များ ထွက်ပြေးခြင်း၊ နိုင်ငံခြားထွက်ခြင်း ပိုမိုများလာသည်ကို တွေ့ရသည်။ လွန်ခဲ့သည့် ၂၀၂၁ ခုနှစ်ကိုပြန်ကြည့်လျှင် လူငယ် သုံးပုံနှစ်ပုံသည် တော်လှန်ရေးအတွက် စိတ်အားထက်သန်ပြီး ပေးဆပ်ရန် အသင့်ဖြစ်နေကြပါသည်။ အင်အားထောင်ဂဏန်းမရှိသည့် တပ်မဟာ၊ အင်အား ၅၀၀ ဝန်းကျင်မရှိသည့် တပ်ရင်းဆိုသည်မှာ ခပ်ရှားရှားပင်ဖြစ်သည်။ ယခုအချိန်တွင် ရဲဘော်အင်အား များစွာလျော့နည်းလာခြင်းသည် ဤကဲ့သို့ အဖွဲ့နှစ်ဖွဲ့ကြား ပဋိပက္ခများကို ရဲဘော်များ စိတ်ပျက်လာခြင်းကြောင့်ပင် ဖြစ်သည်။ ထိုအရာသည် တော်လှန်ရေးအတွက် Virus ဖြစ်လာပါသည်။
Chinland Council က အမျိုးသားကောင်းစားရေးအတွက် လုပ်သည်ဟုပင်ပြောပြော၊ Chin Brotherhood က တော်လှန်ရေးကို တစိုက်မတ်မတ်လုပ်သည်ဟု မည်မျှပင်အော်အော် အဖြေထွက်မည်မဟုတ်။ ဦးတည်ချက်မမှန်သည့် တိုက်ပွဲနှင့် ပဋိပက္ခများကို မည်သူမျှ မနှစ်မြို့ပေ။ လူငယ်များမှာ အသိတရားရှိသည်။ အမှောင်ဖက်ခြမ်းကို မလိုက်ရန်လည်း သူတို့သည် အဆင်သင့်ရှိသည်။
လက်နက်ကိုင်အဖွဲ့များတွင် အင်အားနည်းလာသည်နှင့်အမျှ စစ်သားသစ်စုဆောင်းခြင်းများ ဖြစ်လာသည်။ သူတို့၏(လက်နက်ကိုင်အဖွဲ့များ၏) လိုအပ်ချက်မကုန်ခန်းသည့်၊ လိုအင်မပြည့်သည့် စစ်သားသစ် စုဆောင်းမှုအတွက် ခံရသည့်လူသားများသည် ထိုတပ်ဖွဲ့၏ အမျိုးများ၊ သွေးသားရင်းချာများ မဟုတ်ပေ။ တခြားသူများ၏ သွေးသားများ၊ ပြည်သူလူထု၏ သွေးသားများ ဖြစ်နေကြသည်ကို သတိချပ်ရမည်။ ကြာလာလျှင် မည်သူက တောင့်ခံပေးနိုင်မည်နည်း။ ခံရဖန်များလာလျှင် ဆန့်ကျင်မှု ဖြစ်လာသည်။ ၎င်းသည် တော်လှန်ရေး၏ Virus ဖြစ်ပါသည်။
Virus အစစ်အမှန်သည် ပြည်သူများ မဟုတ်သလို ရဲဘော်များလည်း မဟုတ်ပါပေ။ နှစ်ဖက်ခေါင်းဆောင်များပင် ဖြစ်သည်။ တော်လှန်ရေးအတွက် ဦးဆောင်ဦးရွက်ပြုနေသောသူများသည် တော်လှန်ရေးကျရှုံးစေသည့် တရားခံများ မဖြစ်ရန် သတိချပ်စေချင်ပါသည်။ တော်လှန်ရေးအောင်မြင်ရန်အတွက် ဦးဆောင်ဦးရွက်ပြုနေသောသူများသည် သဘောထားမှန်ကန်ရန် လိုအပ်မည်ဖြစ်သည်။ မိမိလူမျိုးကို ဦးဆောင်ဦးရွက်ပြုနေသောသူများသည် မိမိလူမျိုး၏ အောင်မြင်မှုအတွက် ဆူးညှောင့်ခလုတ်မဖြစ်ရန် အထူးသတိချပ်စေလိုသည်။
TRAZAR
