အိုက်ဇောလ်မြို့အနီးရှိ Sairang နှင့် Sihhmui စစ်ရှောင်စခန်းပြင်ပတွင် အိမ်ငှားရမ်းနေထိုင်နေကြရသည့် ချင်းစစ်ရှောင်ပြည်သူများ အခက်အခဲဒုက္ခ ကြုံတွေ့နေရ
စက်တင်ဘာလ ၂၀ ရက်၊ ၂၀၂၅။
အိန္ဒိယနိုင်ငံ၊ အိုက်ဇောမြို့အနီးရှိ Sairang နှင့် Sihhmui ကျေးရွာရှိ စစ်ရှောင်စခန်းတွင် နေရာမလုံလောက်သောကြောင့် စခန်းပြင်ပ၌ အိမ်ငှား၍ နေထိုင်ကြရပြီး မည်သည့်အထောက်အပံ့မျှလည်း မရှိသောကြောင့် အခက်အခဲဒုက္ခများ ကြုံတွေ့နေကြရကြောင်း စစ်ရှောင်ပြည်သူများထံမှ သိရသည်။
မြန်မာနိုင်ငံတွင် အကြမ်းဖက်စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း Sairang နှင့် Sihhmui ကျေးရွာတို့တွင် ချင်းပြည်ရှိ မြို့နယ်အသီးသီးမှ ရောက်ရှိနေသည့် ချင်းလူမျိုး စစ်ရှောင်ပြည်သူများအနေဖြင့် တချို့သည် စစ်ရှောင်စခန်းတွင် နေထိုင်ခွင့်ရရှိသော်လည်း တချို့သည် စစ်ရှောင်စခန်းတွင် နေရာမလုံလောက်တော့သည့် အတွက်ကြောင့် ရွာထဲရှိ အိမ်များတွင် အခကြေးငွေပေးကာ ငှားရမ်းနေထိုင်ကြခြင်း ဖြစ်သည်။
ထို့အပြင် အိမ်များငှားရမ်းနေထိုင်သူများသည် စစ်ရှောင်စခန်းတွင်ရှိသည့် အိမ်ခြေနှင့် လူဦးရေ ပမာဏထက် ထက်ဝတ်ကျော်ရှိနေပြီး အလှူရှင်များနှင့် အဖွဲ့အစည်းများ၏ အကူအညီအထောက်အပံ့များသည်လည်း စစ်ရှောင်စခန်းတွင် ရရှိသော်လည်း အိမ်ငှားနေသူများသည် ယနေ့အထိ မည်သည့်အထောက်အပံ့မျှ မရှိသည့်အပြင် အလုပ်အကိုင်များလည်း အဆင်မပြေဖြစ်နေရကြောင်း စစ်ရှောင်ပြည်သူတစ်ဦးက ပြောသည်။
“စစ်ရှောင်စခန်းမှာဆိုရင် ကျန်းမာရေးဝန်ထမ်းတွေ၊ ဆေးဝါးတွေနဲ့ ဆေးခန်းလည်းဖွင့်ထားတယ်။ တခါတလေမှာ ပြင်ပက အလှူရှင်တွေလာရောက်ပြီး ထောက်ပံ့ကြေးတွေ၊ ထောက်ပံ့ပစ္စည်းတွေ ရရှိကြတယ်။ အပြင်မှာ (ရွာထဲမှာ) အိမ်ငှားနေကြတဲ့သူတွေကျတော့ ဘာမှမရကြဘူး။ စစ်ရှောင်စခန်းမှာရှိတဲ့ စာရင်းအတိုင်းပဲ ပေးကြတာပေါ့…” ဟု Sairang စစ်ရှောင်တစ်ဦးက ခူမီးမီဒီယာကို ပြောသည်။
“ဒီလိုပြောတာက စစ်ရှောင်ပြည်သူတွေရဲ့ အခြေအနေကို သိရအောင်လို့ ပြောတာပါ။ ဘာမှစိတ်မရှိပါဘူး။ အစက ဒီဘက်စရောက်တုန်းက စစ်ရှောင်စခန်းမှာ နေဖို့ပြောတော့ နေရာလုံလောက်မှုမရှိတာရယ်၊ နောက်ထပ်နေရာ မပေးတော့တာရယ်ကြောင့် အားလုံးက ရွာထဲမှာ အိမ်ငှားပြီး နေကြရတော့တာ။ Sairang စစ်ရှောင်စခန်းရဲ့ ပြင်ပမှာ သုံးနှစ်ပုံခန့်လောက်တောင်(ဥပမာ စခန်းမှာ ၁၅ အိမ်ခြေရှိရင် အိမ်ငှားက ၅၀ လောက်တောင်ရှိတာ) ရှိတာ။ Sihhmui မှာတော့ သုံးပုံတစ်ပုံခန့်လောက်တော့ရှိမယ်(ဥပမာ စခန်းမှာ ၂၀၀ လောက်ဆို အပြင်မှာ ၅၀ လောက်ရှိတယ်) …” ဟု သူက ဆက်ပြောသည်။
Sairang နှင့် Sihhmui စစ်ရှောင်စခန်းပြင်ပတွင် အိမ်ငှား၍နေထိုင်သူများထဲတွင် မုဆိုးမများ များစွာရှိပြီး စားဝတ်နေရေးအဆင်မှုများ၊ အလုပ်အကိုင်အဆင်မပြေမှုများ၊ ဝင်ငွေမရှိခြင်းများအပြင် အခြားသော လူမှုစီးပွား အခက်အခဲ ဒုက္ခပြဿနာများလည်း ကြုံတွေ့နေကြရကြောင်း Sairang နှင့် Sihhmui ရှိ ချင်းစစ်ရှောင်ပြည်သူများက ပြောသည်။
သတင်း – James Roe
