ဆော – ရန်ကုန် ကားလမ်းကြားရှိ ညောင်ဦးလမ်း၊ ပုဂံချောင်းမရောက်မီ ပလက်ဝဒေသခံလူငယ်တစ်ဦး ပျောက်ဆုံးနေ၊ တွေ့ရှိပါက အမြန်ဆုံးဆက်သွယ်ပေးပါရန် အကူအညီတောင်းခံ
စက်တင်ဘာလ ၂၅ ရက်၊ ၂၀၂၅။
ချင်းပြည်၊ ပလက်ဝမြို့နယ်၊ ပီချောင်းဒေသ၊ ညောင်ချောင်းကျေးရွာမှ အဘ ဦးနွေးအောင် ၏သားဖြစ်သူ မောင်ကျော်ထက်အောင်(အသက် ၁၈နှစ်) သည် ဆောမြို့ – ရန်ကုန် ကားလမ်းကြားရှိ ညောင်ဦးလမ်း၊ ပုဂံချောင်းမရောက်မီတွင် ပျောက်ဆုံးနေကြောင်း ဆွေမျိုးများထံမှ ယနေ့ စက်တင်ဘာလ ၂၅ ရက်နေ့တွင် သိရသည်။
မောင်ကျော်ထက်အောင်(အသက် ၁၈နှစ်) သည် စက်တင်ဘာလ ၁၇ ရက်နေ့တွင် မကွေးတိုင်း၊ ဆောမြို့မှ ရန်ကုန်သို့ သွားရောက်နေစဉ်တွင် ဆောမြို့ – ရန်ကုန် ကားလမ်းကြားရှိ ညောင်ဦးလမ်း၊ ပုဂံချောင်းမရောက်မီ ပျောက်ဆုံးနေခြင်းဖြစ်ပြီး ယနေ့အထိ အဆက်အသွယ်မရသည်မှာ ၈ ရက်မြောက်နေ့ ရှိနေပြီဖြစ်ကြောင်း ဆွေမျိုးတစ်ဦးက ပြောသည်။
“အဲဒီကလေးက ကျွန်တော်နဲ့အတူ ပလက်ဝကနေအတူ ပါလာတာပါ။ ပလက်ဝကနေ ၁၂ ရက်နေ့ထွက်တယ်။ ၁၄ ရက်နေ့မှာ ဆောမြို့ကို ရောက်တယ်။ ဆောကနေ ၁၇ ရက်နေ့ မှာ ရန်ကုန်ကို သွားတယ်။ အဲဒီမှာ ဆောက စစ်တပ်စစ်ဆေးရေးဂိတ်မှာ စစ်ဆေးခံရတယ်။ သူ့မှာက မှတ်ပုံတင်မရှိဘူးဆိုတော့ အိမ်ထောင်စုစာရင်း ပြရတယ်။ စစ်ဆေးပြီး ကားကထွက်တော့ သူ့ရဲ့ အိမ်ထောင်စုစာရင်းက ဆောစစ်ဆေးရေးဂိတ်မှာ မေ့ကျန်ခဲ့တာ။ အရှေ့မှာ စစ်တပ်စစ်ဆေးရေးဂိတ်တစ်ခုရှိပြန်တော့ အဲဒီမှာ ကားသမားက ပါလာတဲ့ ခရီးသည်တွေဆီက မှတ်ပုံတင်တွေ၊ အချက်အလက်စာရွက်စာတမ်းတွေ တောင်းတဲ့အခါမှာ မေ့ကျန်ခဲ့တာ သိရတာ။ ကားထွက်တာကလည်း အဝေးကြီးရောက်နေပြီ။ ကားသမားကို မေ့ကျန်ခဲ့တဲ့အကြောင်း ပြောတော့ ကားသမားကလည်း လမ်းမှာ စစ်ဆေးရေးဂိတ်တွေ အများကြီးရှိသေးတယ်။ စစ်သားတွေက စစ်ဆေးတဲ့အခါမှာ သူတို့ကိုကို အထောက်အထားမပြနိုင်ရင် ဒုက္ခရောက်နိုင်တယ်။ ငါတို့ကပဲ ဆောဂိတ်ကို ပြန်ရောက်တဲ့အခါ မေးပြီးတော့ ယူပေးမယ်။ အခုကတော့ ဒီမှာပဲဆင်းကျန်နေခဲ့လိုက်ပါ… လို့ ကားဆရာကပြောပြီးတော့ သူကို လမ်းမှာဆင်းခိုင်းပြီး ချန်ထားခဲ့လိုက်တာ။ သူ့ကို ဆင်းခိုင်းတဲ့ နေရာက ဘယ်နေရာမှန်းလည်းမသိဘူး။ ကျွန်တော်လည်း မရောက်ဖူးဘူးလေ။ အဲဒီကလေးမှာ ဖုန်းလည်းမရှိတော့ ခုထိ ဘာအဆက်အသွယ်မှ မရသေးဘူး။ ဒီနေ့နဲ့ဆို အဆက်အသွယ်မရတော့တာ ၈ ရက်လောက်ရှိနေပြီ…” ဟု ကားအတူစီးလာသည့် ပလက်ဝဒေသခံ အမျိုးသားတစ်ဦးက ခူမီးမီဒီယာကို ပြောသည်။
“ဆော့မြို့က ထွက်တဲ့အချိန်က မနက် ၇နာရီ၊ ကားအရောင်က အနီရောင်ပါတယ်။ သွားတဲ့လမ်းက ညောင်ဦးလမ်းဖြစ်ပြီးတော့ ပုဂံချောင်းမရောက်ခင်မှာ ကားသမားက မောင်ကျော်ထက်အောင်ကို ဒီမှာနေအုံး မင်းမှာ ခရီးသွားထောက်ခံစာ အချက်အလက်မရှိဘူး။ ကိတ်ရောက်တဲ့အခါ ခက်မယ်။ ဒါကြောင့် ဆော့မြို့ကိတ်မှာ မေ့ကျန်ခဲ့တဲ့ အိမ်ထောင်စုစာရင်း ငါတို့ကပဲ ပြန်ဆောင်ရွက်ပေးမယ် ဆိုပြီး သူ့ကို ချန်ထားခဲ့တာပါ။ စက်တင်ဘာလ ၁၇ ရက်နေ့ကနဲ့ ဒီနေ့ဆိုရင် ၈ ရက်တောင် ရှိနေပြီ…” ဟု ရန်ကုန်တွင်နေသည့် နီးစပ်သည့်ဆွေမျိုးတစ်ဦးကလည်း ခူမီးမီဒီယာသို့ ထပ်လောင်းပြောသည်။
အဘ ဦးနွေးအောင်၏သားဖြစ်သူ မောင်ကျော်ထက်အောင်(အသက် ၁၈နှစ်) အား တွေ့ရှိပါက ဖုန်းနံပါတ် 09891450031 သို့ ဆက်သွယ်ပေးကြပါရန် မိသားစုနှင့် ဆွေမျိုးများက ခူမီးမီဒီမှတဆင့် အကူအညီတောင်းခံထားသည်။
သတင်း – James Roe
ပုံ – ပေးပို့
ပုံစာ – မောင်ကျော်ထက်အောင်ပုံကိုမြင်တွေ့ရစဉ်။
