တတိယအကြိမ်မြောက် မရာပြည်သူ့ညီလာခံမှ အတည်ပြုဆုံးဖြတ်ချက်များကို MTC ထုတ်ပြန်

တတိယအကြိမ်မြောက် မရာပြည်သူ့ညီလာခံမှ အတည်ပြုဆုံးဖြတ်ချက်များကို MTC ထုတ်ပြန်

ဖောဖော်ဝါရီလ ၂၂ ရက်၊ ၂၀၂၅။

တတိယအကြိမ်မြောက် မရာပြည်သူ့ညီလာခံတွင် မရာလူမျိုးအချင်းချင်းကြား ပဋိပက္ခကို ငြိမ်းချမ်းစွာ ညှိနှိုင်းဖြေရှင်းသော နည်းလမ်းဖြင့် ဆောင်ရွက်မည်ဖြစ်ကြောင်း၊ မရာလူမျိုးစုအတွင်း တစ်ခုတည်းသော အုပ်ချုပ်ရေးနှင့်ကာကွယ်ရေးတပ်ဖွဲ့တည်ဆောက်နိုင်ရေး အကောင်ထည်ဖော် ဆောင်ရွက်မည်ဖြစ်ကြောင်းနှင့် ဘုံသဘောတူညီချက် ၆ ချက်ကို ချမှတ်နိုင်ကြောင်း MTC/MDF က ထုတ်ပြန်ထားသည်ကို သိရသည်။

တတိယအကြိမ်မြောက် မရာပြည်သူ့ညီလာခံတွင် လိုင်လင်းပီမြို့အပါအဝင် မရာကျေးရွာ ၄၃ ရွာမှ ပြည်တွင်းပြည်ပ လူထုကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသူများ၊ မဟာမိတ်မှ ကိုယ်စားလှယ်များ၊ စောင့်ကြည့်လေ့လာသူများ အပါအဝင် လူဦးရေ ၃၀၀ ကျော် တက်ရောက်ပြီး ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၁၉ ရက် မှ ၂၁ ရက်နေ့အထိ Tipa ၊ Maraland တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မရာမျိုးနွယ်စုအကြား စည်းလုံးညီညွတ်ရေးအတွက် တခုတည်းသော အုပ်ချုပ်ရေးနှင့် ကာကွယ်ရေးတပ်ဖွဲ့ တည်ဆောက်နိုင်ရေးကို အခြေခံမူအပေါ်တွင် ဆောင်ရွက်မည်ဖြစ်ပြီး လက်ရှိဖြစ်ပွားနေသည့် အငြင်းပွားမှုကို ငြိမ်းချမ်းစွာ ညှိနှိုင်းဖြေရှင်းသွားမည်ဖြစ်ပြီး မရာနယ်မြေ လုံခြုံရေးအတွက် နယ်မြေကျူးကျော်မှုနှင့် ရန်လိုဗိုလ်ကျမှုကို တားဆီးကာကွယ်သွားမည်ဖြစ်ပြီး မရာလူမျိုးများ ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများကို နိုင်ငံရေးနည်းလမ်းဖြင့် အတတ်နိုင်ဆုံး ဖြေရှင်းသွားမည်ဖြစ်ကြောင်း သိရသည်။

မရာနယ်မြေအတွင်း ကြားကာလ ဒေသန္တရပြည်သူ့အုပ်ချုပ်ရေး လုပ်ငန်းများနှင့် ပြည်သူ့ကာကွယ်ရေး လုပ်ငန်းများကို မရာပဋိညာဉ်ပြဌာန်းချက်နှင့်အညီ မရာဒေသန္တရအစိုးရနှင့် မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့ကို အပြည့်အဝအပ်နှင်းပြီး MTC/ MDF အဖွဲ့သည် မရာမျိုးနွယ်စုကို ကိုယ်စားပြုသော တော်လှန်ရေးအဖွဲ့ အစည်းအဖြစ် အတည်ပြုကြောင်း ဆုံးဖြတ်ခဲ့သည်ဟု သိရသည်။

မရာချင်းမျိုးနွယ်စုတွင် ချင်းလဲန်းကောင်စီနှင့် ပူးပေါင်းသည့် CDF – မရာ နှင့် ချင်းညီနောင်နှင့် ပူးပေါင်းသည့် MDF ဟူ၍ မရာလက်နက်ကိုင် ၂ဖွဲ့ရှိပြီး ချင်းပြည်ကောင်စီတပ်ပေါင်းစုသည် တော်လှန်ရေးလမ်းစဉ်နှင့် မညီမှုများကို ပြုလုပ်ကြောင်း ကန့်ကွက်ရှုတ်ချထားသည်ကို ထုတ်ပြန်ထားသည်။

မတူပီမြို့နယ်၊ ရွာမန်းကျေးရွာတွင် မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့ (MDF) နဲ့ CDF – Lautu တပ်ဖွဲ့တွေအကြား နယ်မြေအငြင်းပွားမှုကြောင့် ပြီးခဲ့သည့် ဇန်နဝါရီလ ၁၈ ရက်နေ့မှစ၍ ထိတွေ့ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး နှစ်ဖက် ထိခိုက်ကျဆုံးမှုရှိကြောင်း သိရသည်။

သတင်း – James Roe

Leave a Reply

Your email address will not be published. Required fields are marked *