ဖလမ်းမြို့ပြည်သူ့ဆေးရုံကြီးကို အကြမ်းဖက် စစ်ကောင်စီမှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် မီးလောင်ပျက်စီး
ဖေဖော်ဝါရီလ ၂၄ ရက်၊ ၂၀၂၅။
ချင်းပြည်နယ် ဖလမ်းမြို့ကို အကြမ်းဖက်စစ်ကောင်စီတပ်မှ လေကြောင်းဖြင့်ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဖလမ်းပြည်သူ့ဆေးရုံးကြီး မီးလောင်ပျက်စီးခဲ့ကြောင်း ယနေ့ ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် သိရသည်။
ဖလမ်းမြို့ ပြည်သူ့ဆေးရုံကြီးကို အကြမ်းဖက်စစ်ကောင်စီတပ်မှ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ အစပိုင်းတွင် ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ယနေ့တွင် ဆေးရုံမီးလောင်နေသည့် ဗွီဒီယိုဖိုင်မှာ လူမှုကွန်ယက်တွင် ပျံ့နှံ့လာခြင်းကြောင့် CNDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတီမီမှ ပြည်သူ့ဆေးရုံကြီး မီးလောင်သည့် နေ့ရက်အတိအကျကို မသိရသော်လည်း လွန်ခဲ့သည့် တစ်လခွဲခန့်တွင် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် တိုက်ခိုက်မှုကြောင့် မီးလောင်ခဲ့ခြင်းဖြစ်ပြီး ဖလမ်းပြည်သူ့ဆေးရုံကြီးနှင့် စစ်ကောင်စီတပ် ခလရ ၂၆၈ တပ်ကုန်းသည် နီးကပ်နေကြောင်း သတင်း မီဒီယာများတွင် ဖြေဆိုထားသည်ကို သိရသည်။
ချင်းညီနောင်တပ်ဖွဲ့နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များသည် ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၉ ရက်နေ့မှစ၍ ဖလမ်းမြို့သိမ်းစစ်ဆင်ရေးကို စတင်ဖော်ဆောင်ခဲ့ကြပြီး မြို့တွင်းရှိ စစ်ကောင်စီတပ်များ တပ်စွဲထားသည့် ခရိုင်ရဲတပ်ဖွဲ့ ရုံး၊ မြို့နယ်ရဲတပ်ဖွဲ့ရုံး၊ ဆောက်လုပ်ရေးရုံး၊ ထွေ/အုပ်ရုံးနှင့် ဆေးရုံကုန်းနေရာများကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကာ ရဲတပ်ဖွဲ့ဝင် ၄၅ ဦး လက်နက်ခဲယမ်းများနှင့်အတူ လက်နက်ချ အညံ့ခံခဲ့ပြီး နောက်ဆုံးကျန်ရှိတော့သည့် ခလရ ၂၆၈ တပ်ရင်းကို သိမ်းပိုက်နိုင်ရေးအတွက် ဆက်လက်၍ ထိုးစစ်ဆင် တိုက်ခိုက်နေကြောင်း သိရသည်။
သတင်း – James Roe
