မကွေးတိုင်း တောင်ခင်ရန်းရွာတွင် အကြမ်းဖက်စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်

မကွေးတိုင်း တောင်ခင်ရန်းရွာတွင် အကြမ်းဖက်စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်

ဖေဖော်ဝါရီလ ၂၆ ရက် ၂၀၂၅။

မကွေးတိုင်း၊ ဂန့်ဂေါခရိုင် တောင်ခင်ရန်းကျေးရွာကို အကြမ်းဖက်စစ်ကောင်စီမှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားနေအိမ် ၃ လုံးနှင့် ဘုရားကျောင်းတစ်ကျောင်း ထိခိုက်ပျက်စီးခဲ့ကြောင်း ယနေ့ ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင် သိရသည်။

တောင်ခင်ရန်းကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းများမရှိသော်လည်း ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၄ ရက်ည ၈ နာရီ ၃၀ ဝန်းကျင်တွင် တိုက်လေယာဉ် ၂ စီးနှင့် ၄ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ရွာတွင်ရှိသည့် နေအိမ်တစ်လုံးပေါ် တည့်တည့်ကျရောက်၍ပေါက်ကွဲကာ နောက်တစ်လုံးသည် အိမ်နံဘေးတွင် ကျရောက်ပေါက်ကွဲပြီး ကျန် ၂ လုံးမှာ ရွာအနီးနားနှင့် ရွာအစွန်နေရာတို့တွင် ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း တောင်ခင်ရန်း ဒေသခံများထံမှ သိရသည်။

ဗုံးကြဲတိုက်ခိုက်မှုကြောင့် အမျိုးသမီးတစ်ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ပြီး ချင်းလူမျိုး Pu Khua To နှင့် Pu Biak Mang တို့နေအိမ်နှင့် ဦးသန်းမြင့်နေအိမ် ၃ အိမ် ပျက်စီးခဲ့ပြီး Zotung Halelujah Local Baptist Church ဘုရားကျောင်းလည်း ပျက်စီးခဲ့ကြောင်း သိရသည်။

တောင်ခင်ရန်းကျေးရွာသည် အိမ်ခြေ ၁၀၀၀ ဝန်းကျင်ရှိပြီး ထိုအထဲတွင် ချင်းလူမျိုး အိမ်ခြေ ၅၀ ကျော် ရှိကြောင်း သိရသည်။

သတင်း – James Roe

Leave a Reply

Your email address will not be published. Required fields are marked *