တိုက်ပွဲရှောင်ပြည်သူများကို စစ်ကောင်စီတပ်မှ ၂၀၀၀၀ ကျပ် ထောက်ပံ့
မတ်လ ၄ ရက်၊ ၂၀၂၅။
ချင်းပြည်နယ် ပလက်ဝမြို့နယ်မှ ရန်ကုန်တွင် စစ်ရှောင်ရန်ရောက်ရှိနေသည့် စစ်ရှောင်ပြည်သူများကို စစ်ကောင်စီတပ်မှ ထောက်ပံ့ငွေ ၂၀၀၀၀ ကျပ် ပေးအပ်ခဲ့သော်လည်း အများစုမှာ လက်ခံခြင်း မရှိကြောင်း ယနေ့ မတ်လ ၄ ရက်နေ့တွင် စစ်ရှောင်တစ်ဦးထံမှ သိရသည်။
ထောက်ပံ့ငွေထုတ်ယူရန်အတွက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် နာမည်စာရင်းပေးသွင်းရခြင်း၊ အလှည့်ကျတန်းစီးရခြင်း၊ မှတ်တမ်းဓာတ်ပုံရိုက်ခံရခြင်းနှင့် အလုပ်ပျက်ခံ၍ထုတ်ယူရခြင်း စသည်တို့ကြောင့် တိုက်ပွဲရှောင် အများစုမှာ ထုတ်ယူခြင်းမရှိခဲ့ကြောင်း သိရသည်။
စစ်ကောင်စီမှပေးသည့် ထောက်ပံ့ငွေ ၂၀၀၀၀ ကျပ်ကို မှော်ဘီ၊ လှည်းကူး၊ မင်္ဂလာဒုံ စသည့်မြို့နယ်တို့တွင် ရရှိကြသော်လည်း ရွှေပြည်သာ၊ လှိုင်သာယာမြို့နယ်နှင့် တခြားမြို့နယ်တို့တွင် ထောက်ပံ့ငွေ မရရှိကြကြောင်း သိရသည်။
သတင်း – James Roe