CDF-Daai မှ စစ်သင်တန်းတက်ရန် ကလေးအပါအဝင် ဒေသခံပြည်သူ ၅၀ ကျော် စုဆောင်းခံရ
မတ်လ ၅ ရက်၊ ၂၀၂၅။
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ လေမြိုချောင်းရှိ ကျေးရွာများတွင် ချင်းကာကွယ်ရေးတပ် (ဒိုင်ရ်) မှ စစ်သင်တန်း တက်ရောက်ရန် အသက်မပြည့်သေးသည့် ကလေးများအပါအဝင် ဒေသခံပြည်သူ ၅၀ ကျော် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများထံမှ သိရှိရသည်။
ပလက်ဝမြို့နယ် လေမြိုချောင်းဒေသတွင်ရှိသည့် အလယ်ဒိန်ကျေးရွာမှ ၈ ဦး၊ ရွှေတောင်ရွာမှ ၉ ဦး၊ မောစုန်းကြီးရွာမှ ၆ ဦး၊ မောင်ရွာမှ ၇ ဦး၊ ဝန်ချောင်းရွာမှ ၆ ဦး၊ အောက်မောစုန်းရွာမှ ၄ ဦး၊ လုံပန်ရွာမှ ၄ ဦး၊ ကောက်စဥ်ရွာမှ ၂ ဦးနှင့် မောစုန်ရှေရွာမှ ၆ ဦးတို့ဖြစ်ပြီး ၂၀၂၅ ခုနှစ် မတ်လ ၂ ရက် နှင့် ၃ ရက်နေ့ တို့တွင် CDF-Daai တပ်ဖွဲ့ဝင် ၁၁ ဦးခန့်သည် ကျေးရွာရှိ ပြည်သူများကို အစည်းဝေးခေါ်ယူပြီးနောက် စစ်သင်တန်းတက်ရန်အတွက် ယခုကဲ့သို ခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း သိရသည်။
CDF-Daai မှ စစ်သင်တန်းတက်ရန် စုဆောင်းခံရသည့် ကလေးသူငယ်များသည် အသက် ၁၄ နှစ် မှ အသက် ၁၈ နှစ် အရွယ်များဖြစ်ကြကာ မိန်းကလေးများလည်း အများပြားပါဝင်ကြပြီး မိသားစုဝင်များသည် CDF-Daai ထံ ဖမ်းဆီးခံရသည့်သူများကို ပြန်လွှတ်ပေးရန် တောင်းဆိုထားခြင်းနှင့် စိုးရိန်မှုများရှိနေကြကြောင်း သိရသည်။
သတင်း – James Roe