ငဖဲမြို့နယ်၊ လင်းတဲကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်မှ ထပ်မံ၍ဗုံးကြဲသောကြောင့် ချင်းအမျိုးသားတစ်ဦး သေဆုံး
မတ်လ ၄ ရက်၊ ၂၀၂၅။
မကွေးတိုင်း၊ ငဖဲမြို့နယ်၊ လင်းတဲကျေးရွာကို အကြမ်းဖက်စစ်ကောင်စီမှ ၂၀၂၅ ခုနှစ် မတ်လ ၃ ရက်နေ့ မနက် ၉ နာရီဝန်းကျင်တွင် လေကြောင်းဖြင့် ထပ်မံ၍ဗုံးကြဲ တိုက်ခိုက်မှုပြုလုပ်သည့်အတွက် ချင်းအမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။
အကြမ်းဖက်စစ်ကောင်စီတပ်သည် လင်းတဲကျေးရွာကို ဒရုန်းအပါအဝင် တိုက်လေယာဉ်ဖြင့် ဗုံး ၅ လုံးထက်မနည်းကြဲချခဲ့သောကြောင့် အသက် ၂၇ နှစ်အရွယ် ချင်းအမျိုးသားတစ်ဦးဖြစ်သည့် ဆလိုင်းသိန်းဝင်းမောင်သည် သေဆုံးပြီး နေအိမ်လေးလုံး မီးလောင်ပျက်စီးသွားကြောင်း သိရသည်။
လင်းတဲကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်မှ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင်လည်း လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ချင်းအမျိုးသားနှစ်ဦးသေဆုံးခဲ့ပြီး ကလေးသူငယ်များနှင့် အမျိုးသမီးများ အပါအဝင် ၈ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
လင်းတဲကျေးရွာသည် ချင်းလူမျိုးများနေထိုင်သည့်ကျေးရွာဖြစ်ပြီး အကြမ်းဖက် စစ်ကောင်စီတပ်၏ နတ်ရေကန်စခန်းအောက်တွင် တည်ရှိကာ အိမ်ခြေ ၁၀၀ ခန့်ရှိကြောင်း သိရသည်။
သတင်း – James Roe