နတ်ဇန်ရွာမီးရှို့မှု ZRA တာဝန်ခံရမည်ဟု CNF ပြော
ဧပြီလ ၈ ရက်၊ ၂၀၂၅။
ချင်းပြည်၊ တွန်းဇံမြို့နယ် နတ်ဇန်(Nakzang)ကျေးရွာကို Zomi Revolutionary Army (ZRA) က အကြောင်းမဲ့ မီးရှို့ဖျက်ဆီးခဲ့သည့်အတွက် အိမ်ခြေ ၈၀ ကျော် မီးလောင်ပျက်စီးခဲ့သည့် ဖြစ်စဉ်နှင့်ပတ်သက်၍ ZRA ကို တာဝန်ခံစေရမည်ဟု ချင်းအမျိုးသားတပ်ဦး(CNF)က ဧပြီ ၇ ရက်နေ့တွင် ထုတ်ပြန်ထားသည်ကို သိရသည်။
ZRA တပ်ဖွဲ့သည် ချင်းပြည်ကောင်စီပူးပေါင်းတပ် သိမ်းပိုက်ထားတဲ့ တွန်းဇံမြို့ကို ပြီးခဲ့သည့် ဧပြီ ၃ ရက်နေ့တွင် ထိုးစစ်ဆင်ခိုက်မှုကြောင့် တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ပြီးနောက်တွင် ZRA တပ်ဖွဲ့သည် အထိနာကာ အခြေအနေမကောင်းသောကြောင့် ပြည်လည်ဆုတ်ခွာလာရာ နတ်ဇန်ကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့ပြီး အပြစ်မဲ့ပြည်သူ့နေအိမ် အိမ်ခြေ ၈၀ ကျော် မီးလောင်ပျက်စီးသွားရပြီး ဒေသခံပြည်သူများသည် ချင်းပြည်အစိုးရ စိုးမိုးထားသည့် လွတ်မြောက်နယ်မြေ တစ်နေရာတွင် ခိုလှုံနေကြရကာ အရေးပေါ်အကူအညီများလည်း လိုအပ်နေကြကြောင်း သိရသည်။
မြန်မာနိုင်ငံတစ်ဝှန်း ငလျင်ဘေးအန္တရာယ်ကြောင့် လူသားချင်းစာနာမှု အကူအညီပေးရေးဆိုင်ရာ အရေးပေါ်အခြေ အနေရောက်ရှိနေသည့်အချိန်တွင် မတ်လ ၂၈ ရက်နေ့ ကတည်းက တစ်ဖက်သတ် အပစ်အခတ်ရပ်ဆိုင်းထားမှုကို အခွင့်ကောင်းယူပြီး ချင်းပြည်ကောင်စီ ပူးပေါင်းတပ်နှင့် အပြစ်မဲ့အရပ်သားပြည်သူများကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခြင်းကို (လုံးဝ) လက်ခံ/ သည်းခံနိုင် စရာမရှိတဲ့အတွက် လိုအပ်သလို ပြန်လည်တုန့်ပြန်သွားမည်ဖြစ်ကြောင်း CNF က ထုတ်ပြန်ထားသည်။
ZRA သည် ၂၀၁၀ ခုနှစ်စတင်ပြီး တီးတိန်မြို့နယ်နှင့် တွန်းဇံမြို့နယ်များတွင် ဒေသခံပြည်သူများကို ဧကပေါင်းများစွာ ဘိန်းစိုက်ပျိုးစေပြီး ဘိန်းထုတ်လုပ်ရေးနှင့် ဘိန်းရောင်းဝယ်ရေးကို စနစ်တကျ လုပ်ကိုင်သော အဖွဲ့ဖြစ်ပြီး ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်းတွင် ZRA သည် အကြမ်းဖက် မင်းအောင်လှိုင်ဦးဆောင်သည့် စစ်ကောင်စီတပ်ဖွဲ့နှင့် ပူးပေါင်းနေပြီး ချင်းအမျိုးသားတပ်ဦးနှင့် ဒေသကာကွယ်ရေး တပ်ဖွဲ့များ၏ စစ်ဆင်ရေးများကို နည်းမျိုးစုံဖြင့် နှောက်ယှက်ဟန့်တားရန် အကြိမ်ကြိမ်ကြိုးပမ်းခဲ့ကြောင်း CNF ကပြောသည်။
ZRA တပ်ဖွဲ့သည် နွေဦးတော်လှန်ရေးကနေ ပေါက်ဖွားလာသည့် ချင်းပြည်မြောက်ပိုင်းရှိ ကာကွယ်ရေးတပ်ဖွဲ့များနှင့် အပြစ်မဲ့ပြည်သူတွေအပေါ် မကြာခဏ အကြမ်းဖက်လုပ်ရပ်များလည်း ကျူးလွန်နေကြပြီး နတ်ဇန်ရွာအပေါ် လူသားမဆန်စွာကျူးလွန်ခဲ့သည့် အကြမ်းဖက်လုပ်ရပ်များကို ဖုံးကွယ်ရန်အတွက် Zomi Political Coordination Committee(ZPCC) အမည်နှင့် ချင်းအမျိုးသားတပ်ဦး၊ ချင်းပြည်ကောင်စီအဖွဲ့ဝင်များအပေါ် ရှေ့နောက်မညီသည့် မဟုတ်မမှန်စွပ်စွဲမှုများကိုကို ဧပြီလ ၅ ရက်နေ့တွင် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
နန်ဇံရွာ မီးရှို့ခံရမှုသည် ZRA တပ်ဖွဲ့က ကျူးလွန်ခြင်းဖြစ်ကြောင်း ဒေသခံရွာသားအားလုံးက သိရှိထားပြီး ဒေသခံရွာသားများကို တိုက်ရိုက်ဆက်သွယ်မေးမြန်းနိုင်ကြောင်း၊ ZRA – EC မီးရှို့ဖျက်စီးမှုသည် ငြင်းမရသော အမှန်တရားသာဖြစ်ကြောင်း၊ ZPCC ထုတ်ပြန်ချက်တွင်ပါရှိသည့် အချက်အလက်များသည် လုပ်ကြံဖန်တီးမှုသာဖြစ်ပြီး ပြည်သူလူထုအနေနှင့် နားမယောင်မိကြရန်နှင့် နတ်ဇန်ရွာ မီမီးရှို့ဖျက်ဆီးမှုအပေါ် ZRA က တာဝန်ခံစေရမည်ဖြစ်ကြောင်း CNF ကထုတ်ပြန်ထားသည်ကို သိရသည်။
သတင်း – James Roe