CDF – Kanpetlet တပ်ဖွဲ့က ဖမ်းဆီးထားသည့် မကြားအုပ်စုရှိ အသက်မပြည့်သေးသည့် လူငယ် ၁၆ ဦးကို ယနေ့ချိန်အထိ ပြန်လည်လွှတ်ပေးခြင်း မရှိသေး
ဧပြီလ ၁၆ ရက်၊ ၂၀၂၅။
ချင်းပြည်တောင်ပိုင်း ကန်ပက်လက်မြို့နယ် အမှတ် ၅ ဒေသ မကြားအုပ်စုတွင် ချင်းညီနောင်အဖွဲ့ဝင် CDF – Kanpetlet တပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည့် အသက်မပြည့်သေးသည့် လူငယ် ၁၆ ဦးကို အမြန်ဆုံးပြန်လွှတ်ပေးရန် မကြားအုပ်စုပြည်သူများက တောင်းဆိုနေကြကြောင်း သိရသည်။
CDF-Kanpetlet စစ်ဦးစီးချုပ် လက်အောက်ရှိ ဝိတိုရိယတပ်ရင်း(၁)မှ မကြာအုပ်စုအတွင်း ပြီးခဲ့သည့် မတ်လ ၂၈ ရက်နေ့မှ ၃၀ ရက်နေ့အထိ ကျောင်းနေရွယ် လူငယ် ယောက်ျားလေး ၇ ဦး မိန်းကလေး ၉ ဦး စုစုပေါင်း ၁၆ ဦးကို အကြောင်းမဲ့ အတင်းအဓမ္မဖမ်းဆီးခေါ်ဆောင်သွားကြောင်းနှင့် ပြန်လည်လွှတ်ပေးခြင်း မရှိသေးကြောင်း မကြားအုပ်စုဒေသခံပြည်သူများက ဧပြီလ ၁၄ ရက်နေ့တွင် ထုတ်ပြန်ထားသည်ကို သိရသည်။
အဖမ်းခံနေရသည့် လူငယ်များသည် မကြားကျေးရွာမှ ၇ ဦး၊ လုံဘောက်ကျေးရွာမှ ၂ ဦး၊ ကျောက်တောင်ကျေးရွာမှ ၆ ယောက်၊ မဒီလောင်ကျေးရွာမှ ၁ ဦး စုစုပေါင်း ၁၆ ဦးရှိပြီး မတ်လ ၃၁ ရက်နေ့တွင် မကြားအုပ်စုဒေသခံပြည်သူများက ကန်ပက်လက်မြို့နယ် အုပ်ချုပ်ရေးအဖွဲ့နှင့် သက်ဆိုင်ရာ CDF-ကန်ပက်လက် စစ်ဦးစီးချုပ်ထံ စာဖြင့် တရားဝင်တောင်းဆိုခဲ့သော်လည်း လူငယ်များကို ယနေ့အထိ ပြန်လည်လွှတ်ပေးခြင်း မရှိသေးကြောင်း သိရသည်။
ဖမ်းဆီးခံရသည့် လူငယ်များသည် တစ်စုံတစ်ရာဖြစ်ပေါ်လာပါက ဝိတိုရိယ တပ်ရင်း(၁) ထံတွင် တာဝန်ရှိကြောင်း၊ ဝိတိုရိယတပ်ရင်း(၁) အနေနှင့် မကြားအုပ်စု ၇ ရွာ နှင့် ခိတော်အုပ်စု(ခါပန်းရွာ) အပါအဝင် စုစုပေါင်းကျေးရွာ ၈ ရွာ နယ်မြေအတွင်း ကျူးကျော်ဝင်ရောက်နေထိုင်ခြင်း မပြုလုပ်ရန်၊ ကျူးကျော်ဝင်ရောက်လာပါက အမှတ် ၅ ပြည်သူလူထု အားလုံးက တွန်းလှန်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်ကို သိရသည်။
သတင်း – James Roe