ကလေးမြို့တွင် ဗုံးပေါက်ကွဲပြီး ချင်းလူမျိုး ကလေးငယ်နှစ်ဦး သေဆုံး
ဧပြီလ ၁၆ ရက်၊ ၂၀၂၅။
စစ်ကိုင်းတိုင်း၊ ကလေးမြို့ ၊ တောင်ဖီလာရပ်ကွက် နယ်မြေ (၉)၊ နေပြည်တော် ဝန်ထမ်းအိမ်ရာတွင် ယနေ့ ဧပြီလ ၁၆ ရက်နေ့ မနက်ပိုင်းတွင် ဗုံးပေါက်ကွဲ၍ ချင်းလူမျိုး ကလေးငယ် ညီအစ်ကိုနှစ်ဦး ပွဲချင်းပြီး သေဆုံးသွားကြောင်း ဒေသခံများထံမှ သိရသည်။
ကလေးငယ်နှစ်ဦးသည် ဝန်ထမ်းအိမ်ရာ နေအိမ်ခြံဝန်းတွင် ယနေ့ ဧပြီလ ၁၆ရက် နံနက်ပိုင်း ၈ နာရီခန့်တွင် နေအိမ်အနီးနားရှိ ဗုံးကိုယူ၍ဆော့ကစားမိရာမှ ပေါက်ကွဲပြီး သေဆုံးခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
သေဆုံးသွားသည့် ကလေးငယ်နှစ်ဦးမှာ အသက် ၅နှစ်အရွယ် မောင်ဂင့်လမ့်စန်နှင့် အသက် ၃နှစ်အရွယ် မောင်သွင်းရှန်းဟွန့် တို့ညီအစ်ကို ဖြစ်ပြီး သေဆုံးသူမိသားစုသည် ကလေးမြို့နယ်၊ ပြည်တော်သာရွာမှ ကလေးမြို့ပေါ်သို့ စစ်ဘေးတိမ်းရှောင်လာကြသူများဖြစ်ပြီး သေဆုံးရုပ်အလောင်းများအား ပြည်တော်သာရွာသို့ သယ်ဆောင်သွားကြသည်ဟု ဆိုသည်။
ကလေးမြို့၊ တောင်ဖီလာရပ်ကွက်ရှိ နေပြည်တော်ဝန်ထမ်းအိမ်ရာတန်းလျားတွင် စစ်တပ်အာ ဏာသိမ်းပြီးနောက်ပိုင်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့သည် တပ်စွဲနေရာယူထားကာ အနီးနားပတ်ဝန်းကျင်တွင် မိုင်းထောင်ထားလေ့ရှိပြီး တောင်ဖီလာရပ်ကွက်သည် စစ်ကောင်စီတပ် တပ်စွဲထားသည့် ဂိတ်နှင့်လည်း အနီးဆုံးရှိသည့် ရပ်ကွက်လည်းဖြစ်ကြောင်း သိရသည်။
သတင်း – James Roe