ပလက်ဝမြို့နယ်တွင် အေအေတပ်ဖွဲ့က ဝတ်ပြုခွင့်နှင့် လူစုဝေးခွင့် တင်းကြပ်စွာတားမြစ်

ပလက်ဝမြို့နယ်တွင် အေအေတပ်ဖွဲ့က ဝတ်ပြုခွင့်နှင့် လူစုဝေးခွင့် တင်းကြပ်စွာတားမြစ်

ဧပြီလ ၁၇ ရက်၊ ၂၀၂၅။

ချင်းပြည်တောင်ပိုင်း၊ ပလက်ဝမြို့နယ်၊ ကုလက်ချောင်းတစ်လျှောက်တွင်ရှိသည့် ကျေးရွာများတွင် အေအေ အုပ်ချုပ်ရေးအဖွဲ့က ဒေသခံပြည်သူများ ဝတ်ပြုခွင့်နှင့် လူစုဝေးခွင့် ပိတ်ပင်တားဆီးမှုများကို ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ မတ်လမှစတင်၍ တင်းကြပ်စွာပိတ်ပင်ထားကြောင်း ဒေသခံများမှ သတင်းပေးပို့ချက်အရ သိရသည်။

အေအေတပ်ဖွဲ့က ၂၀၂၅ ခုနှစ် မတ်လမှစတင်၍ ဒေသခံပြည်သူများ လူသုံးဦးစုလျှင်ဓားမြမှု မြောက်ကြောင်းနှင့် လူငါးဦးစုလျှင် နိုင်ငံရေးအမှုမြောက်ကြောင်း‌ ပြောဆိုကာ လူစုလူဝေးမပြုလုပ်ကြရန် ပိတ်ပင်တားဆီးထားပြီး ပြုလုပ်လာပါက အေအေတပ်ဖွဲ့၏ဥပဒေအရ အရေးယူအပြစ်ပေးခံရမည်ဖြစ်ကြောင်း ဒေသခံသတင်းအရင်း အမြစ်မှ သိရသည်။

“အေအေတွေက ကုလက်ချောင်းမှာရှိတဲ့ ရွာတိုင်းရွာတိုင်းက ဘုရားကျောင်းမှာ ဝတ်ပြုဆုတောင်းတာတွေ မလုပ်ဖို့ပြောတယ်။ ခုဆိုရွာမှာ တနင်္ဂနွေနေ့တွေမှာ ဘုရားကျောင်းမှာ ဝတ်ပြုလို့မရတော့ဘူး။ ဒါပဲလားဆိုတော့ မဟုတ်သေးဘူး။ မတ်လတုန်းက ရွာမှာလူသေလို့ အသုဘမှာလည်း လူစုလူဝေးပြုလုပ်ခွင့်လည်း မပေးဘူး၊ အသုဘမှာဆို အိမ်ရှင်တွေနဲ့ ရွာသားနည်းနည်းလေးပဲ စောင့်လို့ပဲရတယ်။ အေအေတွေက ဘယ်လိုလုပ်တာလဲ မသိဘူး…” ဟု ကုလက်ချောင်းဒေသမှ အသက် ၄၃ နှစ်အရွယ် အမျိုးသားတစ်ဦးက ခူမီးမီဒီယာသို့ ပြောသည်။

အေအေတပ်ဖွဲ့သည် တနင်္ဂနွေနေ့များတွင် ခရစ်ယာန်ဘုရားကျောင်းများ၌ ဒေသခံပြည်သူများကို ဝတ်ပြုခွင့်ကို လည်း တားမြစ်ပိတ်ပင်ထားပြီး သာရေး/နာရေးများတွင်လည်း လူစုလူဝေးမပြုလုပ်ရန် တင်းကြပ်စွာတားမြစ် ထားကြောင်း ဒေသခံများထံမှ သိရသည်။

“အခုဆိုရင် အေအေတပ်ဖွဲ့က ကုလက်ချောင်းတလျှောက်မှာ လူစုလူဝေးပြုလုပ်ခွင့် မပေးတဲ့ပြင် ဟိုတလောက ခရစ်ယာန်အသင်းတော်တစ်ခုက ပါစတာနဲ့ တပည့်တော်တွေဟာ တစ်ခြားရွာမှာရှိတဲ့ သူတို့ရဲ့ အသင်းသူ/ သားတွေဆီကို ခရစ်ယာန်ဘာသာအရ ဝိဉာဉ်ရေးရာ ဆုတောင်းခွန်အားပေးတာတွေ၊ ဝတ်ပြုကိုးကွယ်တာတွေ ပြုလုပ်ဖို့ နယ်လှည့်ကွင်းဆင်းဖို့သွားပြီး ပြန်လာတော့  ပါစတာနဲ့ သွားတဲ့သူတွေအကုန်လုံးကို အေအေတပ်ဖွဲ့က သူတို့ရဲ့ နယ်မြေအုပ်ချုပ်ရေးရုံး(ဒိုးချောင်းဝကျေးရွာ) မှာ ခေါ်ယူပြီး အစစ်အဆေးခံခဲ့ရတယ်လေ။ နောက်နောင်ကို ဒီလိုမလုပ်ဖို့အတွက် သတိပေးတာခံခဲ့ရပြီးတော့ အားလုံးလက်မှတ်ထိုးခဲ့ရတယ်။ တခြားဘာတွေ ပြောသေးလဲဆိုတာတော့ မသိတော့ဘူး။ အေအေတွေက ဒီလိုလုပ်တာတော့ မကောင်းဘူး…” ဟု အသက် ၄၀ နှစ်အရွယ် ဒေသခံနောက်ထပ်တစ်ဦးက ခူမီးမီဒီယာသို့ ပြောသည်။

ချင်းပြည်တောင်ပိုင်း၊ ပလက်ဝမြို့နယ်တွင် အေအေတပ်ဖွဲ့၏ အုပ်ချုပ်ရေးဖော်ဆောင်လာချိန်မှစတင်၍ ဒေသခံပြည်သူများကို အသွားအလာကန့်သတ်ခြင်း၊ တင်းကြပ်စွာစစ်ဆေးမေးမြန်းခြင်း၊ အကြောင်းမဲ့ ဖမ်းဆီးခေါ်ဆောင်ခြင်း၊ CDF – Paletwa ကိုထောက်ပံ့သည်ဟုဆိုကာ ဖမ်းဆီးခြင်းများ ပြုလုပ်နေကြသည်ကို ဒေသခံပြည်သူများမှ သတင်းပေးပို့ချက်အရ သိရသည်။

သတင်း – James Roe

Photo by Salai Benjamin
ဓါတ်ပုံ – ပလက်ဝမြို့နယ်၊ ကုလက်ချောင်းရှိ ရွာတစ်ရွာပုံ။

Leave a Reply

Your email address will not be published. Required fields are marked *