အိန္ဒိယ – မြန်မာ နယ်စပ်ခြံစည်းရိုးကာရံခြင်း စီမံကိန်းကို ကူကီးအရပ်ဖက်အဖွဲ့များ ကန့်ကွက်
ဧပြီလ ၁၇ ရက်၊ ၂၀၂၅။
မဏိပူရ်ပြည်နယ်၊ တင်နိုင်ပယ်ခရိုင်၊ မိုးရေးမြို့အခြေစိုက် ကူကီးအရပ်ဖက် အဖွဲ့စည်း ၆ ဖွဲ့က အိန္ဒိယ – မြန်မာ နှစ်နိုင်ငံနယ်စပ် ခြံစည်းရိုးခတ်မည့် စီမံကိန်းကို ကန့်ကွက်ကြောင်း ယခုရက်ပိုင်းတွင် ထုတ်ပြန်ခဲ့သည်ကို သိရသည်။
နှစ်နိုင်ငံနယ်စပ် ခြံစည်းရိုးခတ်မည့် စီမံကိန်း ကန့်ကွက်ခြင်း ထုတ်ပြန်ချက်ကို ဧပြီလ ၁၄ ရက်နေ့တွင် မိုးရေးမြို့ အခြေစိုက် ကူကီးအရပ်ဖက်အဖွဲ့အစည်း ၆ ဖွဲ့ဖြစ်သည့် KCA, CSO, KSO, MYC, KKL, KWHRO က ပူးတွဲ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
ထုတ်ပြန်ချက်တွင် အိန္ဒိယဗဟိုအစိုးရက အိန္ဒိယ-မြန်မာနှစ်နိုင်ငံနယ်စပ်တွင် ခြံစည်းရိုး ကာရံနေခြင်းကြောင့် ကူကီးလူမျိုး၏ အစဉ်လာ၊ ယဉ်ကျေးမှုနှင့် လူမှုစီးပွား… စသည်တို့ကို အလွန်ထိခိုက်သည့်အပြင် ဒေသခံကူကီး တိုင်းရင်း သားများ၏ အခွင့်ရေးများကိုလည်း ချိုးဖောက်ရာရောက်ပြီး နှစ်နိုင်ငံလွတ်လပ်စွာကူးသန်းသွားလာခွင့်နှင့် လွတ်လပ်စွာ စီးပွားကုန်သွယ်မှုကို အဟန့်အတားဖြစ်စေကြောင်း ပါရှိသည်။
မဏိပူရ်ပြည်နယ်တွင် ကူကီး- ဇိုအင်အားစုနှင့် ကသည်းအင်အားစုအကြား ပဋိပက္ခဖြစ်ပွား၍ ဒေသခံများ ရွှေ့ပြောင်းလာသည့်အပေါ်တွင် ကူကီးလူမျိုးများအား တရားမဝင် ဝင်ရောက်လာသည့် နိုင်ငံခြားသားများဟု စွပ်စွဲချက်သည် ကသည်းလူမျိုးများက အခြေအမြစ်မရှိ စွပ်စွဲခြင်းဖြစ်ပြီး အိန္ဒိယအစိုးရအနေဖြင့် ခွဲခြားဆက်ဆံသည့် ပုံစံမျိုးမလုပ်ဆောင်ဘဲ တန်းတူအခွင့်ရေး ပေးစေလိုကြောင်းလည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
Kuki Chief Association Manipur အဖွဲ့က အိန္ဒိယအစိုးရမှ နှစ်နိုင်ငံနယ်စပ် ခြံစည်းရိုးကာရံမှုကို ဆက်လက် လုပ်ဆောင်နေမှုအပေါ် လက်မခံကြောင်း ပြီးခဲ့သည့် ဧပြီလ ၁၂ ရက်နေ့က သတင်းထုတ်ပြန်ခဲ့ပြီး မတ်လ ၁၉ ရက် နေ့တွင်လည်း နာဂကျောင်းသားများအဖွဲ့ ၁၉ ဖွဲ့မှ ဦးဆောင်၍ နာဂ-မလှိမ် ၁၀ ရွာခန့်ရှိ ဒေသခံများမှ ကန့်ကွတ်ဆန္ဒပြခဲ့ကြောင်း သိရသည်။
အိန္ဒိယ-မြန်မာ နယ်စပ်ခြံစည်းရိုးကာရံခြင်းကို ဌာနေတိုင်းရင်းသားဖြစ်များဖြစ်သည့် ကူကီး-ဇိုအင်အားစုများနှင့် နာဂလူမျိုးအင်အားစုများက ကန့်ကွက်နေကြသော်လည်း အိန္ဒိယအစိုးရက ၁၆၄၃ ကီလိုမီတာရှည်လျားသည့် နှစ်နိုင်ငံနယ်စပ် ခြံစည်းရိုးခတ်ခြင်းစီမံကိန်းကို ရူပီး ၃ သန်းကျော် အကုန်ကျခံ၍ လာမည့် ၁၀ နှစ်အတွင်း အပြီးကာရံသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်း – James Roe