
ပုသိမ်အကျဥ်းထောင်က ပလက်ဝမြို့နယ် ပါးဝကျေးရွာမှ နိုင်ငံရေးအကျဉ်သား ၁၉ ဦးအတွက်
မိသားစုဝင်များ စိုးရိမ်နေ
ဧပြီလ ၂၁ ရက်၊ ၂၀၂၅။
ပုသိမ်အကျဉ်းထောင်တွင် အကျဉ်းကျနေသည့် ပလက်ဝမြို့နယ်၊ ဆမီးမြို့၊ ပါးဝကျေးရွာမှ နိုင်ငံရေးအကျဉ်းသား ၁၉ ဦးမှာ စစ်ကောင်စီက လွတ်ငြိမ်းခွင့်ပေးရာတွင် ပါဝင်လာခြင်းမရှိသလို လွတ်ရက်စေ့ပြီးဖြစ်သော်လည်း လွတ် မြောက်လာခြင်းမရှိကြောင်း ယနေ့ ဧပြီလ ၂၁ ရက်နေ့ မိသားစုဝင်များထံမှ သိရသည်။
ပုသိမ်အကျဉ်းထောင်တွင် ပုဒ်မ – ၅၂ (က) ဖြင့် အကျဉ်းကျခံနေရသည့် ပလက်ဝမြို့နယ် ပါးဝကျေးရွာမှ နိုင်ငံရေး အကျဉ်းသားများမှာ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလတွင် လွတ်ရက်စေ့ပြီး လွတ်မြောက်ရမည်ဖြစ်သော်လည်း အောက်တိုဘာလတွင် မူလအကျဉ်းကျခဲ့သည့် စစ်တွေအကျဉ်းထောင်မှ ပုသိမ်အကျဉ်းထောင်သို့ ပြောင်းရွှေ့ခြင်းခံလိုက်ရပြီးနောက် မလွတ်မြောက်ပဲ ဆက်လက်အကျဉ်းကျခံနေရကာ စစ်ကောင်စီ ၏ လွတ်ငြိမ်းခွင့်တွင်လည်း ပါဝင်လာခြင်းမရှိသည်ကို သိရသည်။
“သူတို့ ၁၉ ယောက်ထဲမှာ အသက်ကြီးတဲ့သူတွေလည်း ပါတယ်၊ သူတို့အားလုံးနီးပါး ခြေထောက်တွေယောင်ပြီး လမ်းလျှောက်ရတာ သိပ်အဆင်မပြေကြဘူး၊ သူတို့ရဲ့ကျန်းမာရေးအတွက် စိုးရိမ်နေရတယ်၊ နေရာထိုင်ခင်းမကောင်းတဲ့အပြင် ရေမလုံလောက်ဘူး၊ ကျန်းမာရေးစောင့်ရှောက်မှုလည်း မကောင်းဘူး၊ အပြင်ကနေ ဆေးနဲ့ အစားအသောက်တွေပို့ရင်လည်း အရင်ကလို အဆင်မပြေတော့ဘူး…” ဟု မိသားစုဝင်တစ်ဦးမှ ခူမီးမီဒီယာသို့ ပြောသည်။
အကျဉ်းကျခံနေရသည့် ပါးဝကျေးရွာမှ နိုင်ငံရေးအကျဉ်းသား ၁၉ ဦးသည် ပုသိမ်အကျဉ်းထောင်အတွင်း မကြာ ခဏတင်းကြပ်စွာအစစ်ဆေးခံရခြင်း၊ နေရာထိုင်ခင်းမသန့်ရှင်းခြင်း၊ အစားအသောက်ခက်ခဲခြင်း၊ ကျန်းမာရေး စောင့်ရှောက်မှု လုံလောက်စွာမရရှိခြင်းနှင့် ရာဇဝတ်အကျဉ်းသားများကဲ့သို့ အလုပ်ကြမ်းများလုပ်ရခြင်းတို့ကြောင့် မိသားစုဝင်များက သူတို့၏ကျန်းမာရေးနှင့် လုံခြုံမှုအတွက် နေ့စဉ်နှင့်အမျှ စိုးရိမ်နေရကြောင်း သိရသည်။
“အရင်ရက်က လွတ်ငြိမ်းမှာ သူတို့ပါမလားလို့ မျှော်သေးတယ်၊ အမိန့်ထုတ်ပြန်စာ ဖက်ကြည့်မှပဲ ဪ… ဒီတစ်ခါလည်း မပါပြန်တော့ဘူးပဲဆိုပြီး ဝမ်းနည်းရတယ်၊ အစကလည်း သိပ်ပြီးမမျှော်လင့်ထားပါဘူး၊ ဒါပေမယ့်လေ သူတို့ကို မြန်မြန်ပြန်လွတ်လာစေချင်တဲ့စိတ်နဲ့ (လွတ်များလွတ်လာမလာလို့) မျှော်မိတာပေါ့၊ သူတို့ အထဲမှာ အဆင်ပြေပြေနေနိုင်ပြီး ကောင်းကောင်းမွန်မွန်နဲ့ ပြန်တွေ့နိုင်ဖို့ပဲ ဆုတောင်းပေးနေတော့တယ်…” ဟု အကျဉ်းကျခံနေရသူတစ်ဦး၏ဇနီးမှ ခူမီးမီဒီယာသို့ ပြောသည်။
“လွတ်ရက်က မနှစ်က နိုဝင်ဘာလကတည်းက ဖြစ်နေပြီ၊ ဒါပေမယ့် အခုထိလွတ်မလာသေးဘူး၊ တချို့တွေပြော တာက စစ်တွေထောင်ကို ထောင်ပျက်စာရင်းသွင်းလိုက်လို့ ဖြစ်တာတဲ့၊ ထောင်ပျက်စာရင်းဝင်သွားတော့ ကျွန်မ အမျိုးသားတို့က အစကနေ ပြစ်ဒဏ်ပြန်ကျခံမယ့်သဘောဖြစ်နေတာတဲ့၊ ဘာပြောရမှန်းတောင် မသိတော့ဘူး၊ အတော်လေး ဝမ်းနည်းရပါတယ်…” ဟု သူကဆက်ပြောပါတယ်။
အကျဉ်းထောင်များတွင် စစ်ဆေးရေးများမကြာခဏပြုလုပ်ခြင်း၊ နေရာထိုင်ခင်းအဆင်မပြေသည်ကို ထောင်အာ ဏာပိုင်များမှ ပြင်ဆင်မှုမပေးခြင်း၊ မတ်လတွင်လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် ထိခိုက်ဒဏ်ရာရရှိသူများ ကိုလည်း ထုတ်ပြန်ခြင်းမရှိသည့်အပြင် သတင်းအမှောင်ချထားကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်း သားများကွန်ရက် PPNM မှ ထုတ်ပြန်ချက်အရ သိရသည်။
နှစ်ဆန်းတစ်ရက်နေ့တွင် မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ အကျဉ်းထောင် ၃၃ ခုက နိုင်ငံရေးအကျဉ်းသားပေါင်း ၃၇၈ ဦးသာ လွတ်မြောက်လာခဲ့ပြီး ပုသိမ်အကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသား ၁ ဦးသာ လွတ်မြောက်ကြောင်း PPMN ၏ ထုတ်ပြန်ချက်အရ သိရသည်။
သတင်း – James Roe
