ZRA က တွန်းဇန်မြို့ကို ထပ်မံ တိုက်ခိုက်

ZRA က တွန်းဇန်မြို့ကို ထပ်မံ တိုက်ခိုက်

ဧပြီ ၂၁ ရက်၊ ၂၀၂၅။

အကြမ်းဖက်စစ်ကောင်စီနှင့် ပူးပေါင်းသည့် ဇိုမီးတော်လှန်ရေးတပ်ဖွဲ့ (ZRA) သည် ချင်းလဲန်းကောင်စီတပ်ဖွဲ့များ ထိန်းချုပ်ထားသည့် ချင်းပြည်မြောက်ပိုင်း တွန်းဇန်မြို့ကို ယမန်နေ့ ဧပြီ ၂၀ က အင်အားအလုံးအရင်းဖြင့် ထပ်မံ ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း ဒေသခံသတင်းအရင်းအမြစ်မှ သိရသည်။

ချင်းလဲန်းကောင်စီအဖွဲ့ဝင် CDF – Tonzang ထိန်းချုပ်ထားသည့် တွန်းဇန်မြို့ကို ဧပြီလ ၂၀ ရက်နေ့ ခရစ်ယာန်ဘာ သာဝင်များ၏ နေ့ထူးနေ့မြတ်ဖြစ်သည့် Easter Sunday နေ့ မနက်ပိုင်း ၅ နာရီခန့်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး ချင်းလဲန်းကောင်စီ ပူးပေါင်းတပ်ဖွဲ့များနှင့် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း CNF ပြောရေးဆိုခွင့် ရှိသူ ဆလိုင်းထက်နီ၏ ပြောပြချက်ကို ကိုးကားပြီး ဒေသတွင်း သတင်းများတွင် ဖော်ပြသည်။

“ZRA တွေက ကျနော်တို့နေရာတွေကို ပစ်ခတ်လာတယ်၊ အဲဒါနဲ့ ကျနော်တို့ကလည်း ပြန်လည်တုန့်ပြန်တိုက်ခိုက် တယ်၊ အဲဒါနဲ့သူတို့ တွန်းဇန်မြို့ကနေ ပြန်ဆုတ်သွားပါတယ်၊ သူတို့ဘက်က ၄ ယောက်ကျတယ်၊ ၆ ယောက် လောက် ဒဏ်ရာရတယ်လို့ ကြားသိရတယ်၊ တီးတိန်ဘက်နဲ့ ကျီခါးဘက်ကို ပြန်ဆုတ်သွားကြပါတယ်…” ဟု ဆလိုင်းထက်နီ က သတင်းမီဒီယာများသို့ ပြောသည်။

ZRA တပ်ဖွဲ့များကို အကြမ်းဖက်စစ်ကောင်စီက လက်နက်၊ ခဲယမ်းနှင့် ဒရုန်းများ တပ်ဆင်ပေးခဲ့‌ကြာင်း သိရပြီး လက်ရှိတွင် အပြီးတိုင် ဆုတ်ခွာသွားခြင်းမရှိဘဲ တိုက်ပွဲအချိန်မရွေးပြန်ဖြစ်လာနိုင်ကြောင်းနှင့် ZRA တပ်ဖွဲ့သည် ပြီးခဲ့သည့် ဧပြီလ ၃ ရက်နေ့ကလည်း တွန်းဇန်မြို့ကို ဝင်ရောက်တိုက်ခိုက်ခဲ့၍ ချင်းလဲန်းကောင်စီပူးပေါင်းတပ်၏ ခုခံတိုက်ခိုက်မှုကြောင့် ပြန်လည်ဆုတ်ခွာသည့်အချိန်တွင် တွန်းဇန်မြို့နယ်ထဲက နတ်ဇန်ကျေးရွာနှင့် ဘုံမွာကျေး ကို မီးရှို့ဖျက်ဆီးခဲ့ခြင်း ဖြစ်သည်။

တွန်းဇန်မြို့သည် ယခင်က အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ZRA ပူးပေါင်းတပ်ဖွဲ့များ အခြေစိုက်တပ်စွဲထားသည့် မြို့ဖြစ်ပြီး  ၂၀၂၄-ခုနှစ်၊ မေလ ၂၃ ရက်နေ့တွင် ချင်းလဲန်းကောင်စီ/ ချင်းပြည်စိုးရတပ်ဖွဲ့မှ တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး နောက်တွင် နယ်မြေခံတပ်ဖွဲ့ဖြစ်သည့် CDF-Tonzang တပ်ဖွဲ့က ထိန်းချုပ်သည့်နယ်မြေ ဖြစ်သည်။

သတင်း – အားသစ်

Leave a Reply

Your email address will not be published. Required fields are marked *