ZORO က FMR ဖျက်သိမ်းပြီး နယ်စပ်ခြံစည်းရိုးခတ်မည့် အစီအစဉ်ကို ဆက်လက်ကန့်ကွက်သွားမည်
ဧပြီလ ၂၄ ရက်၊ ၂၀၂၅။
အိန္ဒိယ-မြန်မာ နှစ်နိုင်ငံနယ်စပ်အကြား အိန္ဒိယဗဟိုအစိုးရက လွတ်လပ်စွာသွားလာခွင့် FMR စနစ်ကိုဖျက်သိမ်းပြီး နယ်စပ်ခြံစည်းရိုးခတ်မည့် အစီစဉ်ကို အဆုံးတိုင် ဆက်လက်ကန့်ကွက်သွားမည်ဟု Zo Reunification Organization (ZORO) က ဧပြီလ ၂၂ ရက်နေ့တွင် ပြောဆိုလိုက်ပြီဖြစ်ကြောင်း သိရသည်။
ZORO ဗဟိုဌာနချုပ် အိုင်ဇောလ်မြို့ ရုံးခန်းတွင် ဧပြီလ ၂၂ ရက်နေ့ နေ့လည် ၁၂ နာရီတွင် အစည်းအဝေးပြုလုပ်ကာ အိန္ဒိယဗဟိုအစိုးရအနေဖြင့် မိမိတို့သွေးချင်းညီအကိုများနှင့် လွတ်လပ်စွာဝင်ထွက်သွားလာနိုင်သောဥပဒေ FMR ကို ဖျက်သိမ်း၍ နယ်စပ်ခြံစည်းရိုးခတ်ရန် စီစဉ်ဆောင်ရွက်မှုသည် မိမိတို့လူမျိုးများအတွက် စိုးရိမ်မကင်းဖြစ်ရပြီး မိမိတို့ ရသင့်ရထိုက်သော အခွင့်အရေးများကို ဖိနှိပ်ချိုးဖောက်ခံရခြင်းဖြစ်သည့်အတွက် အဆုံးတိုင် ဆက်လက်ဆန့်ကျင်ကန့် ကွက်သွားမည်ဟု ZORO ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်ကို သိရသည်။
ပြည်သူများအနေဖြင့်လည်း လက်ရှိပကတိအနေအထားကိုကြည့်၍ မိမိတို့လူမျိုးများ၏ ရှေ့အနာဂတ်ကို ရှေးရှုကာ တိုင်းပြည်နှင့် လူမျိုးအတွက် အကောင်းဆုံးအရာကို ပြန်လည်စဉ်းစားသုံးသပ်ပြီး ZORO ၏ ဆောင်ရွက်ချက်များကို အားပေးထောက်ခံကြရန်နှင့် FMR ကိုဖျက်သိမ်းကာ နယ်စပ်ခြံစည်းရိုးခတ်မည်ဟု သတင်းစတင် ပေါ်ထွက်လာကတည်းက ဇိုး(ချင်) လူမျိုးများသည် ဆန့်ကျင်ခဲ့ကြသည့်နည်းတူ ZORO ကလည်း တတ်နိုင်သည့်ဘက်မှ ဆန့်ကျင်ကန့်ကွက်ခဲ့ကြောင်း သိရသည်။
ထို့အပြင် နိုင်ငံရေးပါတီများ၊ အရပ်ဖက်အဖွဲ့အစည်းများသာမကဘဲ မီဇိုရမ်ပြည်နယ် လွှတ်တော်အစည်းအဝေးတွင် ဆန့်ကျင်ကန့်ကွက်သောအဆိုလည်း တညီတညွတ်တည်း ဆုံးဖြတ်ခဲ့ကြသော်လည်း ယခုနောက်ပိုင်း လူမှုကွန်ယက်စာမျက်နှာပေါ်တွင် ခံယူချက်ပြောင်းလဲသွားသူများ တွေ့လာရသည့်အပေါ် များစွာစိတ်မကောင်းဖြစ်ရသည်ဟု ZORO ကပြောသည်ကို သိရသည်။
မီဇိုရမ်ပြည်နယ်တွင် စစ်ဘေးရှောင် အမြောက်အများဝင်ရောက်လာခြင်း၊ တရားမဝင်မှောင်ခိုလုပ်ငန်း များလာခြင်း၊ နယ်စပ်ကတဆင့် မူးယစ်ဆေးဝါးတင်သွင်းမှု များပြားလာခြင်းကြောင့် Mizo လူထုအသိုင်းအဝန်းတွင် အိန္ဒိယ-မြန်မာ နှစ်နိုင်ငံကြား လွတ်လပ်စွာသွားလာခွင့် FMR ကိုဖျက်သိမ်းကာ နယ်စပ်ခြံစည်းရိုးခတ်မည့်အစီစဉ်ကို ထောက်ခံအား ပေးသူလည်း ရှိလာနေကာ FMR ဖျက်သိမ်းပြီး နယ်စပ်ခြံစည်းရိုးခတ်ခြင်းအားဖြင့် မီဇိုရမ်ပြည်နယ်တွင် ဒုစရိုက်သမား၊ မူးယစ်ဆေးဝါးတင်သွင်းမှု လျှော့နည်းလာစေရန် ဟန့်တားနိုင်မည်ဟု မထင်ကြောင်း၊ အကောင်းဆုံးနည်းလမ်းမှာ လုံခြုံရေး စစ်ဆေးရေးဂိတ်များကို ယခင်ကထက် ပိုမိုအားကောင်းအောင် ဆောင်ရွက်ရန်နှင့် နောက်ကွယ်မှ မူးယစ်လုပ်ငန်းများ လုပ်ကိုင်နေကြသော မူးယစ်ကုန်သည်များအား စုံစမ်းဖော်ထုတ်အရေးယူနိုင်ရေးကိုသာ ဆောင်ရွက်ကြရန်နှင့် အိန္ဒိယ-မြန်မာနယ်စပ်တွင် FMR စနစ်ကို ပြန်လည်ကျင့်သုံးကာ နယ်စပ်ခြံစည်းရိုးခတ်မည့်အစီစဉ်ကိုလည်း ဆက်လက်အကောင်အထည်ဖော်ခြင်းမပြုလုပ်ရန် မီဇိုရမ်အစိုးရနှင့် အိန္ဒိယဗဟိုအစိုးရတို့ကို ZORO က တိုက်တွန်းတောင်းဆိုထားသည်ကို သိရသည်။
အိန္ဒိယဗဟိုအစိုးရသည် ပြီးခဲ့သည့် ဧပြီလ ၁၅ ရက်နေ့တွင် ဗဟိုမီဇိုးလူငယ်အဖွဲ့အစည်း ( CYMA ) ၊ မီဇိုးကျောင်းသားများအသင်း (MZP) ၊ Zo ReUnification Organization – ZORO ၊ Mizo Hmeichhe Insuihkhawm Pawl – MHIP နှင့် မီဇိုးကျောင်းသားများသမဂ္ဂ (MSU) မှ တာဝန်ရှိသူများကို နယူးဒေလီမြို့သို့ ခေါ်ယူတွေ့ဆုံကာ အိန္ဒိယ-မြန်မာနယ်စပ်ခြံစည်းရိုးခတ်မည့် အစီစဉ်ကို လက်ခံပေးကြရန်နှင့် ဆန့်ကျင်ကန့်ကွက်ခြင်းမျိုး မပြုလုပ်ကြရန် ပြောဆိုခဲ့ကြကြောင်း သိရသည်။
သတင်း – James Roe