ကူကီး – ဇို ကျေးရွာနှစ်ရွာ မီးရှို့ဖျက်ဆီးခံရမှု ဖြစ်ပွား
ဧပြီလ ၂၄ ရက်၊ ၂၀၂၅။
မဏိပူရ်ပြည်နယ်၊ ကမ်ဂျွန်ခရိုင်တွင် ကူကီး – ဇို ကျေးရွာနှစ်ရွာကို အမည်မသိလူတစ်စုက ဧပြီလ ၂၃ ရက်နေ့တွင် မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
မီးရှို့ရန်လာသည့် လူတစ်စုက ကျေးရွာနှစ်ရွာရှိ ရွာသားများအား ရွာပြင်ထွက်ခိုင်းခဲ့ပြီး မီးရှို့ဖျက်ဆီးခဲ့ခြင်းကြောင့် တစ်ရွာလုံး မီးလောင်ပျက်စီးသွားရကာ ရွာသားများမှာ အိုးအိမ်မဲ့ ဒုက္ခရောက်နေရပြီး ယခုကဲ့သို့ မီးရှို့ဖျက်ဆီးသည့် အကြောင်းအရင်းကို မသိရသေးကြောင်း ဒေသတွင်းသတင်းအရင်းမြစ်က ဆိုသည်။
ယခုကဲ့သို့ ကမ်ဂျွန်ခရိုင်၊ Chasat ဒေသက Gampal ကျေးရွာနှင့် Haiyang ကျေးရွာ မီးရှို့ဖျက်ဆီးခံရမှုအပေါ် မည်သူ့လက်ချက်ဖြစ်ကြောင်း သေသေချာချာ မသိရသေးသောကြောင့် ကူကီး – ဇို လူထုများအနေဖြင့် ဆိုရှယ်မီဒီယာများပေါ်တွင် အပြောအဆို အရေးအသား သတိထားဆင်ခြင်ကြရန် EASTERN KUKI CHEIFS’ ASSOCIATION အဖွဲ့က အသိပေးထုတ်ပြန်ထားသည်ကို သိရသည်။
Chasat ကျေးရွာနှင့် တန်ခူလ်း – နာဂကျေးရွာကြား ပဠိပက္ခဖြစ်ပွားခဲ့ပြီး Chasat ကျေးရွာကို မီးရှို့ဖျက် ဆီးခံရတဲ့ဖြစ်စဥ်သည် လွန်ခဲ့သည့် ၇ နှစ်ခန့်က အဆိုပါဒေသတွင် ဖြစ်ပွားခဲ့ဖူးကြောင်း သိရသည်။
သတင်း – James Roe