အိန္ဒိယ-မြန်မာနယ်စပ်ခြံစည်းရိုးခတ်မည့် အိန္ဒိယဗဟိုအစိုးရ၏ အစီစဉ်ကို MZP က ဆန့်ကျင်ကြောင်း ထုတ်ပြန်
မေလ ၂ ရက်၊ ၂၀၂၅။
အိန္ဒိယ – မြန်မာ နှစ်နိုင်ငံနယ်စပ်အကြား ခြံစည်းရိုးခတ်မည့် အိန္ဒိယဗဟိုအစိုးရ၏ အစီစဉ်ကို ဆက်လက် ဆန့်ကျင်သွားမည်ဖြစ်ကြောင်း မီဇိုးကျောင်းသားသမဂ္ဂ (MZP) က ယနေ့ မေလ ၂ ရက်နေ့တွင် ထုတ်ပြန်ထားသည်ကို သိရသည်။
မီဇိုးကျောင်းသားသမဂ္ဂ (MZP) ၏ ဒုတိယအမြင့်ဆုံး Federal Council Sitting (၅၈) ကြိမ်မြောက် အစည်းအဝေးကို ယနေ့ မေလ ၂ ရက်နေ့ မီဇိုရမ်ပြည်နယ် အိုက်ဇောလ်မြို့ MZP အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြပြီး အိန္ဒိယ-မြန်မာနယ်စပ်အရေးနှင့်ပတ်သက်၍ ယခုကဲ့သို့ ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
အိန္ဒိယ-မြန်မာနယ်စပ် ခြံစည်းရိုးခတ်မည့်အစီစဉ်သည် ချင်း(ဇိုး)မျိုးနွယ်စုများ ပြန်လည်ပေါင်းစည်းရေးအတွက် အဟန့်အတားဖြစ်လာနိုင်သောကြောင့် MZP အနေဖြင့် ဆက်လက် ဆန့်ကျင်သွားမည်ဖြစ်ကြောင်းနှင့် ယခုရက်ပိုင်းအတွင်း မီဇိုရမ်ပြည်နယ်တွင် မြန်မာနိုင်ငံမှ ရောက်ရှိလာကြသည့် စစ်ဘေးရှောင်များအပေါ် မကြည်ဖြူမှုများ ပြင်းထန်လာပြီး စစ်ဘေးရှောင်များ နာမည်ပျက်စေရန် မဟုတ်မမှန် သတင်းများဖြင့် တိုက်ခိုက်မှုများလည်း မြင့်တက်နေသည်ဟု MZP က ပြောသည်။
ထို့ကြောင့် စစ်ဘေးရှောင်များအား တိုက်ခိုက်သောသတင်းများကို ပြည်သူများအနေဖြင့် သေချာစိစစ်ကြရန်နှင့် ချင်း(ဇိုး) မျိုးနွယ်စုများ စည်းလုံးညီညွတ်မှု ပြိုကွဲစေနိုင်သောအရာများကို သတိထား ဂရုစိုက်ပေးကြရန် MZP ဥက္ကဌ Pu H. Lalthianghlima ကပြောဆိုထားသည်ကို သိရသည်။
အိန္ဒိယဗဟိုအစိုးရသည် Free Movement Regime (FMR) စနစ်ကို ဖျက်သိမ်းပြီးနောက် ကီလိုမီတာ ၁၆၀၀ ကျော် ရှည်လျားသည့် အိန္ဒိယ-မြန်မာ နယ်စပ်တစ်လျှောက် ခြံစည်းရိုးခတ်ရန် ပြင်ဆင်နေပြီး မဏိပူရ် နယ်စပ်ဘက်တွင် စတင်လုပ်နေပြီဖြစ်ကြောင်း သိရသည်။
အိန္ဒိယဗဟိုအစိုးရသည် ပြီးခဲ့သည့် ဧပြီလ ၁၅ ရက်နေ့တွင် မီဇိုရမ်ပြည်နယ်ရှိ အရပ်ဖက်အဖွဲ့အစည်းများ ဖြစ်ကြသည့် ဗဟိုမီဇိုးလူငယ် အဖွဲ့အစည်း ( CYMA )၊ မီဇိုးကျောင်းသားများအသင်း(MZP ) ၊ Zo ReUnification Organization – ZORO၊ Mizo Hmeichhe Insuihkhawm Pawl – MHIP နှင့် မီဇိုးကျောင်းသားများသမဂ္ဂ (MSU) မှတာဝန်ရှိသူများကို နယူးဒေလီမြို့သို့ ခေါ်ယူတွေ့ဆုံကာ အိန္ဒိယ – မြန်မာ နယ်စပ်ခြံစည်းရိုးခတ်မည့် အစီစဉ်ကို လက်ခံပေးကြရန်နှင့် ဆန့်ကျင်ကန့်ကွက်ခြင်းမျိုး မပြုလုပ်ကြရန် စည်းရုံးခဲ့ကြောင်း သိရသည်။
သတင်း – James Roe