ကာကီကျေးရွာ စစ်ရှောင်စခန်းရှိ ပြည်သူ့ကျောင်းကို ကိုယ်ထူကိုယ်ထဖြင့် ဆောက်လုပ်ပြီးစီး

ကာကီကျေးရွာ စစ်ရှောင်စခန်းရှိ ပြည်သူ့ကျောင်းကို ကိုယ်ထူကိုယ်ထဖြင့် ဆောက်လုပ်ပြီးစီး

မေလ ၂၀ ရက်၊ ၂၀၂၅။

မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်ခရိုင်၊ ကာကီကျေးရွာ စစ်ရှောင်စခန်းတွင် ကိုယ်ထူကိုယ်ထဖြင့် မေလ ၁၈ ရက်နေ့တွင် ကျောင်းဆောင်သစ်ကို ဆောက်လုပ်ပြီးစီးပြီဖြစ်ကြောင်း စစ်ရှောင်တာဝန်ရှိထံမှ သိရသည်။

ကာကီစစ်ရှောင်စခန်းရှိ ကျောင်းဆောင်သစ်ကို ကျောင်းသားမိဘများက ငွေအား၊ လူအားဖြင့် ဝိုင်းဝန်းပါဝင်ကာ မေလ ၆ ရက်နေ့မှ စတင်ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး မေလ ၁၈ ရက်နေ့တွင် ပြီးစီးခဲ့ပြီဖြစ်ကြောင်း သိရသည်။

“ကျောင်းကို မနှစ်ကနေရာမှာပဲ ဆက်ပြီးဆောက်လုပ်တာပါ။ ကုန်ကျစရိတ်ကတော့ စစ်ရှောင်တွေအားလုံး ဝိုင်းဝန်းထည့်ဝင်ကြတာပါ။ ကုန်တာတော့ ရူပီးတစ်သိန်းကျော် ကုန်ကျတယ်။ ခက်ခဲတဲ့ကြားထဲကနေ ရှိသမျှ အားအင်နဲ့ ကြိုးစားအားထုတ်ပြီး ဆောက်လုပ်ခဲ့တာပဲဖြစ်တယ်။ ကျောင်းကော်မတီအဖွဲ့ဝင်တွေနဲ့ ကျောင်းသားမိဘတွေ ဂုဏ်ယူစရာလေးစားစရာကောင်းပါတယ်။ ကာကီကျေးရွာ ဒေသခံတာဝန်ရှိလူကြီးတွေကိုလည်း ကျောင်းကို လွတ်လပ်စွာနဲ့ ဖွင့်လှစ်ခွင့်ပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်…” ဟု စစ်ရှောင်စခန်းတာဝန်ခံတစ်ဦးက ခူမီးမီဒီယာသို့ ပြောသည်။

ကာကီစစ်ရှောင်စခန်း ပြည်သူ့ကျောင်းတွင် ပြီးခဲ့သည့် ၂၀၂၄ – ၂၀၂၅ ခုနှစ် ပညာသင်နှစ်တွင် ဆရာ/မ ၁၅ ဦးနှင့် ကျောင်းသူ/သား ၂၃၀ ဦးဖြင့် KG တန်းမှ ၁၂ တန်း အထိ သင်ကြားခဲ့ပြီး ယခုနှစ် ၂၀၂၅ – ၂၀၂၆ ခုနှစ် ပညာသင်နှစ်ကိုလည်း မေလ ၂၅ ရက်နေ့မှစ၍ ၃၀ ရက်နေ့အထိ ကျောင်းအပ်လက်ခံကာ ဇွန်လ ၂ ရက်နေ့တွင် ကျောင်းကို စတင်ဖွင့်လှစ်မည်ဖြစ်ကြောင်း စစ်ရှောင်စခန်း ပြည်သူ့ကျောင်းတာဝန်ရှိသူထံမှ သိရသည်။

သတင်း – James Roe

Photo by KaKi Refugee School Page
ပုံစာ – ကာကီစစ်ရှောင်စခန်း ပြည်သူ့ကျောင်းဆောက်လုပ်ခြင်းနှင့် ကျောင်းဆောင်သစ်ပုံ။

Leave a Reply

Your email address will not be published. Required fields are marked *