ပလက်ဝမြို့နယ်တွင် ဒေသခံများ၏ မွေးမြူထားသည့် အိမ်မွေးတိရစ္ဆာန်များကို အေအေတပ်ဖွဲ့ ဈေးနှိမ်
မေလ ၂၆ ရက်၊ ၂၀၂၅။
ချင်းပြည်၊ ပလက်ဝမြို့နယ်တွင် အေအေတပ်ဖွဲ့သည် ဒေသခံပြည်သူများ၏ မွေးမြူထားသည့် ကြက်၊ ဝက်၊ နွားများကို မတန်တဆဈေးဖြင့် ဈေးနှိမ်ကာ မိမိတို့စိတ်ကြိုက် ဝယ်ယူနေကြောင်း ယနေ့ မေလ ၂၆ ရက်နေ့တွင် ပလက်ဝဒေသခံများမှ သတင်းပေးပို့ချက်အရ သိရသည်။
“အေအေတွေက သူတို့စိတ်ကြိုက် ရွာထဲက ကြက်တွေ၊ ဝက်တွေ၊ နွားတွေကို ရိုက်သတ်တာ၊ သေနတ်နဲ့ ပစ်တာ တွေ လုပ်ကြတယ်။ ပိုက်ဆံပေးတဲ့အခါလည်းပေးတယ်၊ မပေးတဲ့အခါလည်း မပေးဘူး။ ပေးရင်လည်း သုံးပုံ တစ်ပုံ၊ နှစ်ပုံတစ်ပုံဈေးပဲ ပေးတယ်။ တစ်ခါမှ ဈေးအပြည့် မပေးဘူး။ မရောင်းဘူးဆိုပြီး ပြောလို့လည်း မရဘူး။ ငါတို့ကြိုက်တာလုပ်မယ်၊ မင်းတို့ဘာမှ တားပိုင်ခွင့်မရှိဘူး၊ ပြောပိုင်ခွင့်မရှိဘူးလို့ပြောပြီး မင်းမဲ့စရိုက်ဆန်ဆန် လုပ်ကြတာ…” ဟု ပလက်ဝမြို့နယ် ဒေသခံအမျိုးသားတစ်ဦးက ခူမီးမီဒီယာသို့ ပြောသည်။
ပလက်ဝမြို့နယ်တွင် အေအေ၏ အုပ်ချုပ်ရေးယန္တရား မလည်ပတ်မီ အချိန်နှင့် လည်ပတ်လာသည့် အချိန်တွင် လည်း ကျေးရွာများအတွင်းရှိ ကြက်၊ ဝက်၊ နွားများကို ပိုင်ရှင်ခွင့်ပြုသည် ဖြစ်စေ၊ ပိုင်ရှင်ခွင့်မပြုသည် ဖြစ်စေ ယူဆောင်သွားကြောင်း ဒေသခံများထံမှ သိရသည်။
“အေအေတွေက ရွာထဲကပြည်သူတွေရဲ့ အိမ်မွေးတိရစ္ဆာန်အပြင် တောထဲက သစ်/ဝါး အကြီး၊ အငယ် အားလုံးကို ခုတ်ယူပြီးရောင်းချတာတွေ လုပ်တယ်။ စီးပွားရေးသမားတွေနဲ့ပေါင်းပြီး ပလက်ဝမြို့နယ်အတွင်းမှာရော၊ ရခိုင် ပြည်နယ်ဘက်ကိုရော တင်သွင်းရောင်းချကြတာတွေ လုပ်နေတယ်။ ပေါ်တင်ကြီးပဲ။ အေအေအကြီးအကဲ ဆိုတဲ့ သူတွေကလည်း ဒီအတိုင်းပဲ ကြည့်နေတယ်။ မတားဆီးကြဘူး။ ဒါပဲလားဆိုတော့ မဟုတ်သေးဘူး… ပြည်သူတွေ စိုက်ထားတဲ့ ကျွန်းပင်တွေ၊ တခြားသစ်ပင်တွေကိုလည်း ပိုင်ရှင်ခွင့်ပြုချက်မရှိဘဲ ခုတ်ယူကြတယ်။ တားတော့ လည်း သူတို့ကကြိမ်းမောင်း ဆဲဆိုပြီး ခြိမ်းခြောက် ပြောဆိုကြတယ်။ သူတို့ဆီမှာ ခံရတာများနေပြီ…” ဟု ပလက်ဝမြို့နယ် ဒေသခံအမျိုးသမီးတစ်ဦးက ခူမီးမီဒီယာသို့ ပြောသည်။
ပလက်ဝမြို့နယ်တွင် အေအေတပ်ဖွဲ့က အုပ်ချုပ်ရေးအစီအမံ ဖော်ဆောင်လာသည့်နောက်ပိုင်း အကြမ်းဖက် စစ်ကောင်စီကဲ့သို့ ဒေသခံပြည်သူများအပေါ်တွင် လူ့အခွင့်အရေးချိုးဖောက်မှုများ၊ မုဒိန်းမှုများ၊ ကိုယ်ထိလက် ရောက် ရိုက်နှက်ခံရမှုများ၊ လူသတ်မှုများနှင့် သဘာဝသယံဇာတများကို မင်းမဲ့စရိုက်ဆန်ဆန် ထုတ်ယူသုံးစွဲမှုများ တစ်နေ့ထက်တစ်နေ့ ကျူးလွန်မှုများပြားလာပြီး သတင်းအမှောင်ချခံရမှုနှင့် ခြိမ်းခြောက်ခံရမှုများ များပြားလာ နေကြောင်း ဒေသခံများထံမှ သိရသည်။
သတင်း – James Roe
