Weekly Summary News 14

မင်္ဂလာပါ… ခူမီးမီဒီယာကနေ ပြန်လည်ကြိုဆိုပါတယ်။ အခုချိန်မှာတော့ ခူမီးမီဒီယာကနေ တစ်ပတ်အတွင်း တင် ဆက်ခဲ့တဲ့ သတင်းတွေထဲက ကောင်းနိုးရာရာ သတင်းတွေကို စုစည်းတင်ဆက်သွားမှာ ဖြစ်ပါတယ်။

 

ယခုအစီအစဉ်မှာ ကြည့်ရှုနားဆင်ရမယ့် သတင်းတွေကတော့-

  • တွီဒန်းနှင့် ကာကီကျေးရွာရှိ ရေဘေးသင့် စစ်ရှောင်ပြည်သူများ အရေးပေါ်အကူအညီလိုအပ်နေ၊
  • ပလက်ဝမြို့နယ်တွင် ငှက်ဖျားရောဂါကြောင့် ကလေးငယ်တစ်ဦးသေဆုံး၊
  • ရွှေလိုင်ပွီကျေးရွာမှ ပျောက်ဆုံးအမျိုးသမီး အလောင်းပြန်တွေ့၊
  • ပလက်ဝမြို့နယ်အတွင်း CHO နှင့် ပလက်ဝကောင်စီ ကျန်းမာရေးဌာနမှ ကျန်းမာရေးဝန်ဆောင်မှု လုပ် ငန်းများဆောင်ရွက်နေ… စတဲ့သတင်းတွေကို မကြာခင် နားဆင်ရဖို့ ရှိပါတယ်ရှင်။

 

သတင်းအပြည့်အစုံမှာ-

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်ခရိုင်၊ တွီဒင်းနဲ့ ကာကီကျေးရွာရှိ ရေဘေးသင့် စစ်ရှောင်ပြည်သူတွေ အရေးအကူအညီများလိုအပ်နေကြောင်း ပလက်ဝကောင်စီ၊ လူသားချင်းစာနာထောက်ထားရေးနဲ့ ပြန်လည်ထူ ထောင်ရေး ဌာနမှူးဆလိုင်းစိုးသန်းက ဇွန် ၁ ရက်နေ့က ခူမီးမီဒီယာသို့ ပြောပါတယ်။

ကုလားတန်မြစ် ရေကြီးရေလျှံတဲ့အတွက် တွီဒင်းစစ်ရှောင်စခန်းက အိမ်ခြေ  ၆၃ လုံး ပျက်စီးခဲ့ပြီး ကာကီစစ် ရှောင်စခန်းက ၆၉ လုံးပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

ပလက်ဝကောင်စီ၊ လူသားချင်းစာနာထောက်ထားရေးနဲ့ ပြန်လည်ထူထောင်ရေး ဌာနမှူးဆလိုင်းစိုးသန်းက “တွီဒန်းနဲ့ ကာကီ စစ်ရှောင်ပြည်သူတွေရဲ့နေအိမ်တွေ ပျက်စီးဆုံးရှုံးမှုရှိပါတယ်။ လက်ရှိမှာ အခြေခံစားသောက် ကုန်တွေဖြစ်တဲ့ ဆန်၊ ဆီ၊ ဆား တွေလိုအပ်ပါတယ်။ ဖျားနာတာတွေလည်း ရှိတဲ့အတွက် ကျန်းမာရေး ကူညီ စောင့်ရှောက်မှုတွေ လိုအပ်ပါတယ်။ ပြီးတော့ ပြန်လည်တည်ဆောက်ဖို့အတွက် အိမ်အမိုးအကာတွေ လိုအပ်နေ ပါတယ်။ လူတွေတော့ အထိအခိုက် သေဆုံးတာတွေတော့ မရှိဘူး။ ဒီနေ့တော့ မြစ်ရေ အနည်းငယ်ကျသွားပါပြီ…” လို့ ခူမီးမီဒီယာကို ပြောပါတယ်။

စစ်ရှောင်ပြည်သူတွေအနေနဲံ ထိခိုက်ဒဏ်ရာရရှိတာတွေ မရှိပေမဲ့ လက်ရှိမှာ ကျောင်းဆောင်၊ ခန်းမဆောင်နဲ့ နီးစပ်ရာ လူနေအိမ်တွေမှာ ယာယီနေထိုင်ကြရပြီး နေအိမ်တွေကို ပြန်လည်တည်‌ဆောက်နိုင်ရေး အမိုးအကာတွေ အရေးပေါ်လိုနေပြီး နေအိမ်တစ်လုံးလျင် ဆောက်လုပ်စရိတ် ရူပီ သုံးသောင်းခန့်ကုန်ကျနိုင်ကြောင်း သိရပါတယ်။

***

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ဒိုင်ရ်ဒေသ အမှတ်(၂)၊ လေမြိုချောင်း၊ မှုံးတနုံးကျေးရွာက အသက် ၅ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ငှက်ဖျားရောဂါကြောင့် မေလ ၃၀ ရက်နေ့ ထပ်မံသေဆုံးခဲ့ကြောင်း ယနေ့ ဇွန်လ ၃ ရက် နေ့ ဒေသခံတွေရဲ့ သတင်းပေးပို့ချက်အရ သိရပါတယ်။

လေမြိုချောင်း၊ မှုံးတနုံးကျေးရွာမှာ ဆေးဝါးများပြတ်လပ်မှုနဲ့ လမ်းပမ်းဆက်သွယ်ရေး အခက်အခဲကြောင့် ဆေး ကုသမှုခံယူဖို့ အချိန်မီမရရှိသည့်အတွက် အဆိုပါကလေးငယ် အသက်သေဆုံးရတာဖြစ်တယ်လို့ နီးစပ်တဲ့ ဆွေမျိုးတစ်ဦးက ခူမီးမီဒီယာသို့ ပြောပါတယ်။ ပြီးခဲ့တဲ့ မေလထဲမှာလည်း ငှက်ဖျားရောဂါကြောင့် ကျောင်းဆရာ တစ်ဦး သေဆုံးခဲ့ရပါတယ်။

***

ပလက်ဝမြို့နယ်၊ ရွှေလိုင်ပွီကျေးရွာက မေလ ၂၆ ရက်နေ့ကတည်းက တောင်ယာသွားရင်း ပျောက်ဆုံးသွားတဲ့ ဒေါ်တောင်ရီ၊ အသက် ၆၈ နှစ်ရဲ့ ရုပ်အလောင်းကို မေလ ၃၀ ရက်နေ့ ညနေပိုင်းက ပြန်လည်တွေ့ရှိခဲ့ကြောင်း ဒေသခံတွေ သတင်းပေးပို့ချက်အရ သိရပါတယ်။

“ဒေါ်တောင်ရီအလောင်းကို တာကိုအကလိန်ရွာနားက ကုလက်ချောင်းထဲက ပြန်ရတယ်၊ မေ ၃၀ ရက်နေ့မှာ ပြန်ရတာ၊ မေ ၃၁ ရက်နေ့ သင်္ဂြိုလ်တယ်လို့ ဆွေမျိုးတွေက ပြောပါတယ်၊ ဆက်သွယ်ရေးမကောင်းတော့ သတင်းက ချက်ချင်းချက်ချင်း မသိနိုင်ဘူး…” လို့ ဒေသခံတစ်ဦးက ခူမီးမီဒီယာထံ ပြောပါတယ်။

ဒေါ်တောင်ရီမှာ ရေနစ်သေဆုံးတာဖြစ်ပြီး ရုပ်အလောင်းကို တာကိုအကလိန်ကျေးရွာအောက် ယောင်မဒေါက် အလောင်နားက ကုလက်ချောင်းထဲမှာ ပြန်လည်တွေ့ရှိတာ ဖြစ်ပါတယ်။

***

ပလက်ဝမြို့နယ်၊ ပလက်ဝကောင်စီထိန်းချုပ်နယ်မြေအတွင်းက လေးသူငယ်များအတွက် ရွာစဉ်အလိုက် တတိယ အကြိမ် ကာကွယ်ဆေးထိုးနှံပေးခြင်း၊ ငှက်ဖျားရောဂါဖြစ်ပွားနေသူများအား သွေးဖောက်စစ်ဆေးပေးခြင်းနဲ့ ဆေးကုသပေးခြင်း…စတဲ့ ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းတွေကို ချင်းဟဲအော်ဂန်နိုက်ဇေးရှင်းနဲ့ ပလက်ဝ ကောင်စီ ကျန်းမာရေးဌာနတို့ ပူးပေါင်းကာ မေလကုန်ပိုင်းကနေ ယခုလဇွန်လအထိ ပြုလုပ်ပေးနေကြောင်း သိရ ပါတယ်။

ပလက်ဝကောင်စီနယ်မြေထဲက ရွာပေါင်း ၆၅ ရွာမှာ ကလေးတွေကို ပိုလီယိုကာကွယ်ဆေးထိုးတာ၊ ဝမ်းပျက်ဝမ်း လျှောနဲ့ ဝက်သက်ကာကွယ်ဆေးထိုးတာနဲ့ ကိုယ်ဝန်ဆောင်မခင်တွေကို တီတီကာကွယ်ဆေးထိုးပေးတာ… စတာ တွေကို ရွာစဉ်အလိုက် ဆောင်ရွက်နေတာဖြစ်တယ်လို့ ပလက်ဝကောင်စီ ကျန်းမာရေးဌာနမှုးက ပြောပါတယ်။

***

အခုလို ကြည့်ရှုနားဆင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်…

Leave a Reply

Your email address will not be published. Required fields are marked *