၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၄ ရက်။
ဒီနေ့ကတော့ ကျွန်တော် အေအေဆီရောက်နေတာ ၃၂ ရက်မြောက်နေ့ပါ။
ဒီနေ့ တွက်ပီကံမကောင်းပါ။ ညသန်းခေါင်လောက်ကတည်းက လုံခြုံရေးအရ ဒီနေရာကနေပြောင်းရမယ်ဆိုတဲ့ အမိန့်လိုလို ညွန်ကြားချက်လိုလိုရောက်လာပါတယ်။ အေအေရဲဘော်တွေက မနက်စောစော ( မနက် ၃ နာရီ) ကတည်းက ချက်ပြုတ်နေကြပါတယ်။
မိုးမလင်းသေးပါ။ ကျွန်တော်တို့ကလည်း အိပ်ယာသိမ်းပါတယ်။ မနက် ၅ နာရီလောက်မှာတော့ အိပ်ယာတွေ ကြို တင်သိမ်းထားဖို့နဲ့ အဆင်သင့်ပြင်ထားဖို့ ညွန်ကြားချက်ရောက်လာပါတယ်။ အဲဒီမတိုင်ခင် ကျွန်တော်တို့သိမ်းပြီးပါပြီ။ အိပ်ယာအပြင် တဲအမိုးတာပေါ်လင်စတွေပါ သိမ်းပြီးဖြစ်ပါတယ်။
ချက်ပြုတ်တယ်ဆိုလို့ တစ်မျိုးမထင်စေချင်ပါ။ ထမင်းရယ်၊ မပါမဖြစ် ချဉ်ပေါင်ဟင်းရယ်ပဲ ဖြစ်ပါတယ်။ ဒါက အရေးမကြီးပါဘူး။ ကျွန်တော့်အတွက် အရေးကြီးတာက ဘယ်နေရာပြောင်းရမလဲဆိုတာပါပဲ။ တကယ်လို့ ဘင်္ဂလားဒေ့ရှ်နယ်စပ်ဘက် ပြောင်းရွှေ့ခံရရင်ဆိုတဲ့အတွေးနဲ့ ကျွန်တော်စိုးရိမ်နေခဲ့ပါတယ်။ အဲလိုသာပြောင်းဖြစ်ခဲ့ရင် အခုနေရာထက်စာရင် မိသားစုနဲ့ပိုဝေးသွားမယ် မဟုတ်လား။
ဘာပဲဖြစ်ဖြစ် စိတ်ငြိမ်အောင်လို့ ရဲ့ဘော်အချို့နဲ့ ကိန်းပျံ(ကျားထိုး)နှစ်ပွဲသုံးပွဲလောက် ကစားနေလိုက်ပါတယ်။ ဒါပေမယ့် စိတ်ကဟိုတွေးဒီတွေးပါပဲ။ ဒီကြားထဲ နေ့လည်ဆယ့်နှစ်နာရီလောက်မှာ ပလက်ဝဘက်နေ စစ်ရဟတ်ယာဉ်တစ်စီး အနောက်စူးစူး(မောင်တောမြို့ဘက်) ပျံသွားတာ တွေ့ရတယ်။ စိုးရိမ်စိတ်က မြင့်တက်လာပါပြီ။
အဲဒီဘက်မှာများ တိုက်ပွဲဖြစ်နေသလား။ ဒီမှာရှိနေတဲ့ ရဲဘော်တွေနဲ့အတူ တိုက်ပွဲဇုန်ထဲ ခေါ်သွားမှာလား။ ကြားဖူးနေကြအတိုင်း “တိုက်ပွဲဇုန်ထဲ လွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်း လက်နက်ကြီးကျည် ထိမှန်သေဆုံးသွား ပါတယ်…” ဒါမှမဟုတ် “ အေအေထိန်းချုပ်စခန်း တစ်နေရာမှာ အစိုးရတပ်ရဲ့ လေကြောင်းပစ်ခတ်မှုကြာင့် ဦးဝှေ့တင်း ကျည်ထိမှန်သေဆုံးသွားပါတယ်…”ဆိုရင် ကျွန်တော်ကတော့ပြီးပြီ။
ဘာပဲဖြစ်ဖြစ် ညနေသုံးနာရီလောက်မှာ နေရာမပြောင်းဖြစ်ကြောင်း အမိန့်ကျလာတော့မှ တော်တော်လေး စိတ်သက်သာရာရခဲ့ပါတယ်။ ဘာပြောကောင်းမလဲ။ အမိုးတွေ ပြန်မိုးတဲ့သူမိုး၊ တဲအကာတွေ ပြန်ကာတဲ့သူကာနဲ့ပေါ့။ မှတ်မှတ်ရရ မနက်စာနဲ့ညစာကို ညနေလေးနာရီမှာ စားဖြစ်ခဲ့ပါတယ်။
ကိုယ့်ရှေ့တည့်တည့်မှာ ကြုံရတဲ့အရာက အခြားဘယ်ကိစ္စထက်မဆို ပိုအရေးကြီးတယ်ဆိုတာကို ကျွန်တော် လက်တွေ့ သိခဲ့ရတဲ့ နေ့တစ်နေ့ပါပဲ။
***
၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်။
ဒီနေ့က အေအေဆီရောက်နေတာ ၃၃ ရက်မြောက်နေ့ပါ။ ဒီနေ့လည်း အရင်နေ့လိုပဲ တွက်ပီကံမကောင်းပါ။ မနက်စောစောကတည်းက နေရာပြောင်းဖို့အမိန့် ထပ်ရောက်လာပြန်ပါတယ်။ ဒါပေမယ့် ထူးခြားတာက မနက်စာကို ခပ်စောစောစားပြီးမှ ပြောင်းရမှာတဲ့။ ကျွန်တော်တို့မှာ မနေ့ကအတိုင်း အမိုးအကာ(တာပေါ်လင်စ)တွေ ရုပ်ရပြန်ပါတယ်။ ပြီးတော့ ခရီးသွားဖို့ အသင့်အနေအထားပေါ့။
မနက် ကိုးနာရီလောက်ကျတော့ အမှန်တကယ် ပြောင်းရွေ့မိန့်ရောက်လာခဲ့ပါပြီ။ လုံခြုံရေးခေါင်းဆောင် တပ် ကြပ်ကြီးသိပ္ပံအပါအဝင် အေအေတပ်ဖွဲ့ငါးဦးနဲ့အတူ အခြားတစ်နေရာသွားကြရပါတယ်။ ကျွန်တော့်စိတ်ထင် အခုပြောင်းရမှာက အကျဉ်းကျရဲဘော်တွေနဲ့အတူ ပြောင်းရမယ်လို့ထင်ခဲ့ပေမဲ့ ကျွန်တော်တစ်ယောက်တည်းပဲဖြစ်နေတာကို စိတ်ထဲနည်းနည်းတော့ ကျဉ်းကြပ်နေမိတယ်။
မိတ်ဆွေလိုဖြစ်နေတဲ့ အကျဉ်းကျရဲဘော်တွေတော့ “ကျန်းမာရေးကို ဂရုစိုက်ဖို့…”၊ “မကြာခင် ပြန်ဆုံကြစို့…” တို့ နှုတ်ဆက်ခဲ့လိုက်ပါတယ်။ ဒီလိုလုပ်တာလည်း တကယ့်ကျွန်တော့်စိတ်ရင်းပါ။ သူတို့က ဘယ်လိုပဲ ကျွန်တော့်ရဲ့ရန် သူဖြစ်နေဦးတော့ အတူတူနေလာတာကြာရင်း၊ တစ်ဦးအပေါ်တစ်ဦး ဖေးမကူညီပေးရင်း၊ အခုနေတော့ ကျွန်တော့် မိတ်ဆွေပါပဲ။ ဒီလိုပဲ ရိုးရိုးသားသား သဘောထားပါတယ်။
သူတို့လည်း ကျွန်တော့်အဝတ်အစားအိတ်ကို ကူသယ်ပေးပါတယ်။
ထွက်ခါနီးမှာ ဗိုလ်မှူးခိုင်ယက္ခက “ဆောင်းဝတ်င်္ကျီ ရှိလား…”လို့ မေးပါတယ်။
ကျွန်တော်က “ရှိပါတယ်…”လို့ ပြန်ပြောတော့ ကျွန်တော့်အတွက် ဆောင်းဝတ်အင်္ကျီတစ်ထည် ထုတ်ပေးဖို့ တပ် ကြပ်ကြီးသိပ္ပံကို ပြောပါတယ်။
ခဏနေတော့ စခန်းကုန်းက ဆင်းလာခဲ့ကြပါပြီ။ ကျွန်တော်လည်း တွေ့တဲ့ဝါးတစ်ချောင်းကို တောင်ဝှေးလုပ် အားပြုပြီး ဖြည်းဖြည်းချင်းဆင်းလာခဲ့ပါတယ်။ သွားသာသွားရတာ စိတ်ထဲမှာ တထင့်ထင့်နဲ့ပါ။ ခင်မင်နေပြီဖြစ်တဲ့ အကျဉ်းကျရဲဘော်တွေနဲ့ ခွဲခွာရတာရယ်၊ ပြီးတော့ စောစောကပြောသလို တိုက်ပွဲဇုန်နဲ့ အနီးနေရာ အပို့ခံရမှာ ကြောင့်ကြတဲ့စိတ်ကြောင့် စိတ်တထင့်ထင့် ဖြစ်နေတာပါ။
လမ်းခရီးတစ်လျှောက် ဝါးတောချည်းပါပဲ။ ပြီးတော့ အေအေ ယာယီစခန်းဟောင်းဖြစ်ဟန်တူရဲ့ တဲပျက်တွေ အများကြီးတွေ့ရတယ်။ ဆင်းလာတဲ့တောင်ကြောအဆုံးမှာ စမ်းချောင်းတစ်ခုရောက်တော့ ရေသောက်ခဏနားကြပါတယ်။
စမ်းချောင်းအတိုင်း အစုန်ဆင်းလာတဲ့လမ်းမှာတော့ သံခြေချင်းတန်းလန်းနဲ့ ခြေထောက်ရေခဏခဏထိတာမို့ ခြေထောက်အနာက တော်တော်နာနေပါတယ်။ သံခြေချင်းခတ်တဲ့ ခြေမျက်စေ့အထက်နားနေရာက ပွန်းပြီး အနာ ဖြစ်နေတာဆိုတော့ ရေထိတော့ စပ်ပြီးနာနေတာပါ။ တော်တော်ကြာတော့မှ ပင်မချောင်းကြီးတစ်ခုတွေ့တော့ ခဏနားကြပြန်ပါတယ်။
နားနေရင်း ဆယ့်ငါးမိနစ်လောက်အကြာမှာ ကျွန်တော်နေရမယ့်စခန်းက လာကြိုတဲ့အေအေရဲဘော်ခြောက်ဦး ရောက်လာပါတယ်။ တပ်ကြပ်ကြီးသိပ္ပံက အနီးအနားဝါးတောထဲက အထုပ်ကြီးတစ်ထုပ်ယူလာပြီး အဲဒီထဲက ဆောင်းဝတ်စစ်ရောင်အနွေးထည် တစ်ထည်ပေးပါတယ်။ ဗိုလ်မှုးခိုင်ယက္ခက မှာလိုက်တာကိုး။
ဒီလိုဆိုတော့လည်း ကျွန်တော့်အပေါ် စိုးရိမ်ပေးရှာသားပဲဆိုတဲ့အတွေးနဲ့ စောစောကတောင်တောင်အီအီအတွေးတွေ ပြယ်ပျောက်သွားပါတယ်။ လူ့ဘဝ တစ်ခဏတာမှာ မိတ်ဆွေအနေနဲ့ပဲဆုံဆုံ၊ ရန်သူအနေနဲ့ပဲဆုံဆုံ၊ သံသရာတကွေ့မှာ ရေစက်ပါလို့ ခဏတာဆုံကြရတာပဲ မဟုတ်လား။
အဲဒီကနေ ပင်မချောင်းမကြီးအတိုင်း အစုန်အနည်းငယ်သွားပြီး အနောက်ဘက် ချောင်းလက်တက်အတိုင်း အဆန် ပြန်တက်ကြပါတယ်။ တောင်ယာခင်းတစ်ခုရောက်တော့ ပိုင်ရှင်အမျိုးသမီးတစ်ဦးနဲ့ ကလေးတစ်ဦးတွေ့ပါတယ်။ ရခိုင်လား၊ မြိုလားတော့ မပြောတတ်။ အဲဒီမှာ ရဲဘော်တွေ ကွမ်းယာတောင်းစားပြီး ခဏလေးနားကြပါတယ်။
အဲဒီကနေ ဆက်ထွက်လာတော့ လမ်းခရီးကတော်တော်ကြမ်းလာပါတယ်။ ဆောင်းရာသီပေမဲ့ နေ့လည်ခင်းဘက်ဆို နေကတော်တော်ပူပါတယ်။ ဒီကြားထဲ အရိပ်မရှိတဲ့တောင်ယာခင်း အလယ်တည့်တည်က မက်စောက်တဲ့ တောင်တက်လမ်းတက်ရတာဆိုတော့ နေကပူ၊ ချွေးကထွက်၊ သံခြေချင်းတန်းလန်းနဲ့ ရေကလည်းဆာ၊ အာခေါင် တွေခြောက်။
တစ်လလောက် လှုပ်ရှားမှုမရှိ၊ ခြောက်ပေါက်နား ငုတ်ထုတ်ထိုင်ရတဲ့သူ၊ အခုမှတောလမ်းခရီးကြမ်း သွားရတာဆိုတော့ တော်တော်ပင်ပန်းပါတယ်။ တော်ပါသေးတယ်။ ထမ်းလာတဲ့အထုတ်ငယ်နဲ့ အခြားအဝတ်အိတ်တစ်လုံးကို လာကြိုတဲ့အေအေရဲဘော်တွေက တစ်ယောက်တစ်လှည့်စီ ဝိုင်းကူသယ်ပေးခဲ့ကြလို့။
ဒီလိုနဲ့ နေ့လည်ဆယ့်နှစ်နာရီလောက်မှာ တောင်ခြေက အေအေယာယီစခန်းတစ်ခုဆီ ရောက်ပါတယ်။ သူတို့ အပြောအရ ကျွန်တော်က တောင်ပေါ်ကစခန်းမှာ နေရမှာပါ။ ယာယီစခန်းတာဝန်ခံ တပ်ကြပ်ကြီးရာမက လက်ဖက်ရည်တစ်ခွက်၊ လက်ဖက်သုတ်တစ်ပွဲနဲ့ ဧည့်ခံပါတယ်။
တပ်ကြပ်ကြီးရာမက အရင်ကျွန်တော်နေခဲ့တဲ့စခန်းမှာ ရံဖန်ရံခါရောက်လာတတ်မှန်း ကျွန်တော်မှတ်မိနေပါ တယ်။ အဲဒီယာယီစခန်းမှာလည်း အကျဉ်းသား လေးယောက်ရှိပါတယ်။ ရခိုင်တပ်တော်ရဲဘော်တစ်ဦး၊ ပလက်ဝ ခလရ-၂၈၉ တပ်ရင်းက ရဲဘော်နှစ်ဦးနဲ့ ယာဉ်မောင်းတစ်ဦးလို့ သိရပါတယ်။
သူတို့ထဲမှာ လွန်ခဲ့တဲ့လအနည်းငယ်က ကျောက်တော်-ပလက်ဝရေလမ်းမှာ ရိက္ခာသယ်စက်လှေပေါ်က ဖမ်းမိတဲ့ ခလရ-၂၈၉ တပ်ရင်းက စစ်သားတွေပါသလို ရခိုင့်တပ်တော်က အရက်မူးရမ်းကားလို့ ပစ်ဒဏ်ပေးခံရတဲ့ ရဲဘော် တစ်ဦးလည်းပါ ပါတယ်။ သူတို့ထဲက အသက်နည်းနည်းကြီးနေသူတစ်ဦးကလွဲရင် အားလုံးရေခပ်နေတာ တွေ့ရတယ်။ အသက်ကြီးနေသူကလည်း ခြေထောက်နာနေလို့ လမ်းမလျှောက်နိုင်တာကြောင့် ရေမခပ်ရတာပါတဲ့။
ကျွန်တော်တို့ အဲဒီယာယီစခန်းမှာ နားနေတာ နှစ်နာရီနီးပါးကြာပါတယ်။ အဲဒီကနေ ဆယ့်ငါးမိနစ်လောက် အပေါ် တက်တော့ ကျွန်တော့်ကိုထိန်းသိမ်းထားမယ့် စခန်းသစ်ကို ရောက်ပါပြီ။ အသစ်စက်စက်လုပ်ထားတဲ့ ကျွန်တော့် ကိုခတ်မယ့် ထိပ်တုံး(ခြောက်ပေါက်)က မပြီးသေးပါဘူး။ ဘဝမှာတစ်ခါမှ စိတ်ကူးမယဉ်ခဲ့တဲ့ ကိုယ့်ကိုထားမယ့် ထိပ်တုံးမပြီးသေးတာကို ထိုင်ကြည့်နေခဲ့ရတဲ့အဖြစ်။ ရယ်စရာလည်း တော်တော်ကောင်းပါတယ်။
အဲဒီစခန်းမှာ ကျွန်တော်ကလွဲပြီး အခြားအကျဉ်းသားတွေ မရှိပါဘူး။ ကျွန်တော့်ကို ထိပ်တုံးခတ်မယ်လုပ်တော့ မခတ်ပါနဲ့လို့ စခန်းတာဝန်ခံ ဒုဗိုလ်ကျောက်ဆောင်ကို ပြောရတယ်။ ပထမတော့ အထက်အမိန့်အရလို့ ပြောပေမယ့် နောက်တော့မခတ်ပါဘူး။ ဒါပေမယ့် သံခြေချင်းကိုထိပ်တုံးနဲ့ သော့ခတ်ထားပါတယ်။ အဲလိုတော့လည်း စိတ်သက်သာရာ နည်းနည်းရတာပေါ့လေ။
ဒုဗိုလ်ကျောက်ဆောင်က ရသေ့တောင်ဘက်ကလို့ သိရတယ်။ ဆယ်တန်းအောင်ပြီးမှ ရခိုင့်တပ်တော်ထဲ အရာရှိငယ်တစ်ဦးအနေနဲ့ ပါဝင်လာတာပါ။ စကားအပြောအဆို ညင်သာသိမ်မွေ့ပြီး အင်မတန်ကိုယ်ချင်းစာတတ်တဲ့ လူမျိုးလို့ မြင်ပါတယ်။
အသက် ၃၀ ဝန်းကျင်သာရှိအုံးမယ်ဆိုပေမဲ့ အနေအေးသူဖြစ်ပြီး အသားညိုညို ကိုယ်ခန္ဓာကျစ်လစ်သူ၊ အားကစားလိုက်စားသူဖြစ်မယ်လို့ ခန့်မှန်းမိပါတယ်။ ကျွန်တော့်ကို “အစ်ကို…”လို့ လေးလေးစားစားခေါ်ပြီး တာဝန်ပေးချက်အရသာ ဆောင်ရွက်ရတာဖြစ်လို့ သည်းခံပေးဖို့ တစ်ဖွဖွပြောနေရှာပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း သူ့အပေါ် မလေးစားပဲ မနေနိုင်ပါဘူး။
အဲဒီနေ့ ညနေခင်း လေးနာရီလောက်မှာ အရင်နေခဲ့တဲ့ တောင်ကုန်းပေါ်ကို စစ်တပ်က လောင်ချာနဲ့ လေးငါးခြောက်ချက် ပစ်ခတ်တယ်ဆိုတဲ့ သတင်းကြားရတယ်။ အချိန်မီလို့သာပဲလို့ သက်ပြင်းချမိပါတယ်။ အေအေတွေကလည်း သတင်းအတိအကျ ရထားပါသတဲ့လေ။ အဲဒါကြောင့် အချိန်မီပြောင်းခိုင်တာပါတဲ့။
ဒီလိုတော့ဖြင့် အေအေကို ကျေးဇူးတွေတင်ရပါသေးတယ်။ ဪ… ကျွန်တော့်အပေါ် အန္တရာယ်ကျရောက်မှာမလိုလားလို့ နေရာပြောင်းခိုင်းတာကိုး။ အေးပေါ့…။ သူတို့လက်ထဲမှာ မပြောကောင်းမဆိုကောင်း ကျွန်တော်သာ တစ်ခုခုဖြစ်သွားရင် အဲဒါက ကြီးမားတဲ့ နိုင်ငံရေးပြဿနာလို ဖြစ်သွားနိုင်တယ် မဟုတ်လား။
အရင်စခန်းမှာ ပစ်ခတ်တယ်ဆိုတဲ့သတင်း ကြားပြီးသိပ်မကြာ ကျွန်တော်တို့နေရာနားမှာ ပေါက်ကွဲသံတစ်ခုကြားရပါတယ်။ အဖွဲ့ခေါင်းဆောင်က ကတုတ်ကျင်းထဲဆင်းနေဖို့ အမိန့်ပေးပါတယ်။ တစ်ပြိုင်တည်း အေအေရဲဘော်တွေက အသင့်အနေအထားနဲ့ နေရာယူကြပါတယ်။
တောထဲတောင်ထဲဆိုတော့ ကတုတ်ကျင်းထဲ ခြင်တွေကပေါမှပေါ ပါပဲ။ အဝေးကရန်သူပေးတဲ့ဒုက္ခနဲ့ အနီးကပ် ရန်သူပေးတဲ့ဒုက္ခတွေပေါ့။ ရဲဘော်တွေက အနီးကပ်ရန်သူကိုကာကွယ်ဖို့ ဆေးပေါ့လိပ် သောက်ကြပါတယ်။ ကိုယ်ကမသောက်တတ်။ မိနစ်သုံးဆယ်လောက်ကြာမှ ကတုတ်ကျင်းပေါ် ပြန်တက်ပြီး ထမင်းစားကြပါတယ်။
ထမင်းကတော့ သိတဲ့အတိုင်းပါပဲ။ ဆန်ကြမ်း၊ ကုလားပဲ၊ ပိန်းဥ၊ ချဉ်ပေါင်ရွက်၊ ငါးနီတူခြောက် တွေပဲပေါ့။
ဒါပေမယ့် ကျွန်တော့်ကို သီးခြားကျွေးတာမျိုးမလုပ်ဘဲ အေအေရဲဘော်တွေနဲ့အတူတူ စားရတာကြောင့် ပျော်သလိုလိုရှိတာ အမှန်ပါ။ ဒီနေ့လည်း ဝိုင်းဝန်းစားကြရတာ ဒါမှမဟုတ် လူစုံတက်စုံအတူတူစားကြတာက တစ်ကိုယ်ရေသီးသန့်စားရတာထက် ထမင်းမြိန်တယ်ဆိုတာ လက်တွေ့နားလည်ရတဲ့ နေ့တစ်နေ့ပေါ့။
တကယ်တမ်းပြောရရင် ဒီမှာရောက်နေတဲ့ ရက်ပိုင်းတွေအတွင်း မှတ်တမ်းခိုးရေးတဲ့ အလုပ်ကိုယာယီရပ်နားထား ရပါတယ်။
အေအေက ကျွန်တော့်ကို ဖမ်းဆီးအကျဉ်းချထားတဲ့ ရန်သူတွေဆိုပေမယ့် သူတို့ဆီက သင်ယူရတဲ့အရာတွေ အများကြီးရှိတယ် ဆိုတာကိုတော့ ကျွန်တော်ပွင့်ပွင့်လင်းလင်း ဝန်ခံပါတယ်။
***
၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၆-၉ ရက်။
ဒီရက်တွေကတော့ အေအေဒုဗိုလ်ကျောက်ဆောင်ဦးစီးတဲ့ စခန်းမှာနေရတဲ့ ရက်တွေဖြစ်ပါတယ်။
ကျွန်တော်လည်း ကိုယ့်လုံခြုံရေးအတွက်ထားပေးတဲ့ အေအေရဲဘော်တွေနဲ့ အပျင်းပြေကျားကစားရင်း အချိန်တွေ ဖြုန်းနေလိုက်ပါတယ်။ ဒီမှာနေရတာ အရင်ကထက် ပိုပြီးလွတ်လပ်သလို ခံစားရလို့လားမသိ စိတ်ခံစားချက် တွေလည်း အရင်ကထက်ပေါ့ပေါ့ပါးပါး ဖြစ်နေတာ သတိထားမိပါတယ်။
ဒါမှမဟုတ် နေရာသစ်ဖြစ်နေလို့ စိတ်လက်ပေါ့ပါး နေတာများလားမသိ။
တစ်ရက်သား ဒုဗိုလ်ကျောက်ဆောင်က ဂျုံနဲ့လုပ်ထားတဲ့ဂျပန်နိုင်ငံထုတ် မုန့်ထုပ်လေးထုပ် လာပေးပါတယ်။ ကွက်ကီးပါ။ နှစ်ချပ် သုံးချပ်လောက်စားပြီး ရေသောက်လိုက်ရင် တော်တော်အဆာပြေပါတယ်။ ကင်းစောင့်ရဲဘော်တွေကို ပေးကျွေးပေမယ့် သူတို့မစားကြပါ။
“ဦးလေးပဲ စားပါ…” လို့ပဲ ပြန်ပြောကြပါတယ်။ သူတို့ တော်တော်စည်းကမ်းကောင်းတဲ့ စစ်သားတွေပဲလို့ မှတ်ချက် ပြုလိုက်ပါတယ်။
တစ်နေ့(ရက်အတိအကျ မမှတ်မိ) အသားဟင်းမစားရတာကြာနေပြီဖြစ်လို့ ရဲဘော်တွေကို လောင်ဂွေးရွာလွှတ် ပြီး ကြက်အဝယ်ခိုင်းပါတယ်။ လောင်ဂွေးရွာက အိမ်ခြေအသင့်အတင့်ရှိတဲ့ ပီချောင်းနားကရွာဖြစ်ပြီးတော့ အခု ကျွန်တော်ရောက်နေတဲ့ နေရာနဲ့ဆိုရင် ရက်ချင်းပြန်သွားလို့ရတဲ့ ရွာပါ။ ဝယ်လာတဲ့ကြက်က သေးသေးလေး သုံးကောင်၊ တစ်ကောင်ကိုရှစ်ထောင် ပေးရတယ်တဲ့။ ကျွန်တော်တို့လူအုပ်နဲ့ ဝေပုံကျတစ်ယောက် နှစ်တုံးရပါတယ်။ ခါတိုင်းညစာထက်စာရင် ထမင်းမြိန်တဲ့ ညစာပါပဲလို့ မမေ့မလျော့ မှတ်ထားလိုက်ပါတယ်။
အေအေစစ်သားတွေနဲ့ အနေကြာလာတော့ စစ်တပ်ရဲ့သဘောသဘာဝကို နည်းနည်းနားလည်လာသလိုပါပဲ။ စစ်သားတွေကို ခေါင်းဆောင်ရတာ လွယ်မှမလွယ်ကူပဲကိုး။ အရက်သောက်လာလို့ ရမ်းချင်သူတွေ၊ အချင်းချင်း ရစ်ချင်သူတွေ၊ ဘဝင်မြင့်ချင်သူတွေ(ရဲဘော်အချင်းချင်း နှိမ်ချင်သူတွေ) အများကြီးပါပဲ။ ဒုဗိုလ်ကျောက်ဆောင်ကတော့ ရဲဘော်တွေအချင်းချင်းရန်ဖြစ်တဲ့ ကေ့စ်ကလွဲရင် အားလုံးကို လစ်လျှုရှုထားပါတယ်။
အဲ… အချင်းချင်းရန်ဖြစ်ပြီဆိုလည်း ဝါးလုံးနဲ့ နှစ်ချက်ကနေသုံးချက် ဆော်တော့တာပါပဲ။ အဲဒါက ကျွန်တော့် ကိုယ်တွေ့ပါ။ လောင်ဂွေးရွာက ရိက္ခာထုပ်ထမ်းရင်း ငါးခြောက်တစ်အိတ်ပျောက်သွားလို့ ဘယ်သူ့ဆီတာဝန်ရှိ သလဲမေးရင်း သူ့ရဲဘော်တွေကို ဝါးဆစ်ပိုင်းနဲ့ရိုက်စစ်နေတာ တွေ့ခဲ့ရပါတယ်။
ဗိုလ်ကျောက်ဆောင်က ဆေးပေါ့လိပ်တစ်ထုပ်ပေးတော့ ကျွန်တော်လည်း ဆေးလိပ်မသောက်တတ်ပေမဲ့ ယူထားလိုက်ပါတယ်။ ပြီးမှ ရဲဘော်တွေကို မျှပေးလိုက်ပါတယ်။ အနေကြာတော့ သူတို့ကိုသံယောဇဉ်ဖြစ်မိတာ အမှန်ပါပဲ။ သူတို့လည်း ကို့အပေါ်ခင်ခင်မင်မင်ရှိပါတယ်။
တစ်ရက်က သူတို့ တောကြက်ထောင်တော့ မိလျက်နဲ့ အခြားစခန်းက ရဲဘော်တွေ လာယူသွားတာကို တောက်တခေါက်ခေါက်နဲ့ပြောနေတာကြည့်ပြီး ကျွန်တော့်မှာ ရယ်ရသေးတယ်။ သူတို့လည်း ကျွန်တော့်အပေါ် အကျဉ်းသား တစ်ယောက်လို အမြင်မျိုးနဲ့ ဆက်ဆံတာမျိုးမရှိ။
တစ်ဦးတလေ အမှားတွေလုပ်မိတာမျိုးရှိပေမဲ့ အနယ်နယ်အရပ်ရပ်က ယုံကြည်ချက်တစ်ခုတည်းနဲ့ ဘဝကိုစတေးကြသူတွေဆိုတော့လည်း အပြစ်မမြင်ရက်ပါ။ သူတို့ကိုကြည့်ရတာလည်း အထက်လူကြီးစကားကိုတော့ နာခံရှာပါတယ်။ အပြစ်ရှိရင် ထိုက်တန်တဲ့ပြစ်ဒဏ်ကို ကျေကျေနပ်နပ် ခံယူရမယ့်အကြောင်း သူတို့ကိုယ်တိုင်ပဲ ပြောရှာပါတယ်။
ဒုဗိုလ်ကျောက်ဆောင်စခန်းမှာ နေရတဲ့ကာလအတွင်း အေအေရဲဘော်တွေခပ်ပေးတဲ့ ရေပဲချိုးရပါတယ်။ စမ်း ချောင်းထဲ ကိုယ်တိုင်ဆင်းချိုးမယ်ပြောတော့လည်း လက်မခံပါ။ ရေအိမ်ကတော့ ဖြစ်သလိုစွန့်ခဲ့ရပါတယ်။ အခုနေတွေးကြည့်တော့ သူတို့လေးတွေကိုတောင် သတိရမိပါရဲ့။ လူဆိုတာ အတူတူပျော်ရွှင်ခဲ့ရသူတွေထက် အတူတူ ဒုက္ခခံခဲ့ရသူတွေကို ပိုအမှတ်ရတယ်ဆိုတာ မှန်ကန်မှုတစ်ခုပါပဲ။
ကျွန်တော် ဘာလိုလိုနဲ့ အေအေလက်ထဲရောက်နေတာ ဒါမှမဟုတ် သူပုန်အကျဉ်းသားတစ်ဦးဖြစ်နေတာ ၃၇ ရက်ရှိနေ ပါပြီ။
***
အပိုင်း (၁၃) ဆက်လက်ဖတ်ရှုပါရန်။
