ပလက်ဝမြို့ပေါ်ရှိ စာသင်ကျောင်းမှ ပရိဘောဂများကို အေအေက ထင်းအဖြစ်အသုံးပြု

ပလက်ဝမြို့ပေါ်ရှိ စာသင်ကျောင်းမှ ပရိဘောဂများကို အေအေက ထင်းအဖြစ်အသုံးပြု

ဇွန်လ ၁၃ ရက်၊ ၂၀၂၅။

ချင်းပြည်၊ ပလက်ဝမြို့၊ ရိက္ခာရပ်ကွက်၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတွင်ရှိသည့် စာရေးစားပွဲခုံနှင့် ထိုင်ခုံများအပါအဝင် ကျောင်းပရိဘောဂများကို အေအေတပ်ဖွဲ့က ပြီးခဲ့သည့်နှစ်မှစ၍ ထမင်း၊ ဟင်းချက်ရာတွင် ထင်းအဖြစ်အသုံးပြုကြောင်း ပလက်ဝဒေသခံများထံမှ ယနေ့ ဇွန်လ ၁၃ ရက်နေ့တွင် သိရသည်။

အေအေတပ်ဖွဲ့သည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဇန်နဝါရီလအတွင်း ပလက်ဝမြို့သိမ်းတိုက်ပွဲ ဆင်နွှဲခဲ့ပြီးနောက် ပလက်ဝမြို့၊ ရိက္ခာရပ်ကွက် အမှတ်(၂) အ.ထ.က ကျောင်းတွင် စခန်းချနေထိုင်ခြင်း ပြုလုပ်ခဲ့ကြပြီး ကျောင်းရှိ စာရေးစားပွဲခုံနှင့် ထိုင်ခုံများအပါအဝင် ပရိဘောဂများကို ထမင်း၊ ဟင်းချက်ရန်အတွက် ထင်းအဖြစ် အသုံးပြုကြသည်ကို တိကျသည့် ဒေသခံသတင်းအရင်းအမြစ်မှ သိရသည်။

“အေအေတွေက ကျောင်းမှာ စခန်းချတယ်။ ကျောင်းက ထိုင်ခုံ၊ စားပွဲခုံတွေ၊ ပရိဘောဂတွေကို သုံးလို့ရတဲ့ဟာတွေရော၊ အဟောင်းတွေရောအကုန် ထင်းဆစ်ပစ်ကြတယ်။ ကုန်သလောက်ပါပဲ။ ရိက္ခာရပ်ကွက်က ကျောင်းတစ်ခုတည်းလားဆိုတော့ မဟုတ်ဘူး မြို့ပေါ်ကတခြားကျောင်းတွေရယ် ပလက်ဝမြို့နယ်ထဲက သူတို့အထိုင်ချနေတဲ့ ရွာတွေက ကျောင်းမှာလည်း ဒီလိုလုပ်ကြတာပဲ။ သူတို့ပြောတဲ့ အာရက္ခပညာရေးကို ဦးစားပေးလုပ်ဆောင်မယ် ဆိုတာကလည်း အပြောပဲရှိတာ။ ကျောင်းကပစ္စည်းတွေကို ရိုသေကောင်းရမှန်းတောင်မသိပဲ ပညာရေးကို အကောင်အထည်ဖော် လုပ်ဆောင်မယ်ဆိုတာလည်း ခုထိ ရေရာသေချာမှု မရှိသေးဘူး…” ဟု ပလက်ဝမြို့ခံ အမျိုးသားတစ်ဦးက ခူမီးမီဒီယာသို့ ပြောသည်။

ပလက်ဝမြို့ပေါ်တွင် အေအေ၏ ပညာရေးအဖွဲ့ကို ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် ဖွဲ့စည်းခဲ့ပြီး ယခုလ ဇွန်လတွင် ကျောင်းဖွင့်လှစ်မည်ဟု ကြေညာထားသော်လည်း ယနေ့အထိ ကျောင်းဖွင့်လှစ်နိုင်သေးခြင်းမရှိသေးကြောင်းနှင့် ကျောင်းများတွင် ကျောင်းသုံးပရိဘောဂများ မစုံမလင် ဖြစ်နေကြောင်း ဒေသခံများထံမှ သိရသည်။

သတင်း – James Roe

Leave a Reply

Your email address will not be published. Required fields are marked *