မီဇိုရမ်ပြည်နယ် ရေဘေးသင့် ပလက်ဝစစ်ဘေးရှောင်ပြည်သူများအတွက် ဒုတိယအကြိမ် လှူဒါန်းမှုများ ထပ်မံပြုလုပ်
ဇွန်လ ၁၈ ရက်၊ ၂၀၂၅။
မီဇိုရမ်ပြည်နယ်၊ တွီဒန်း၊ ကာကီနှင့် လောင်မ်ဆွီးကျေးရွာရှိ ပလက်ဝမြို့နယ် စစ်ဘေးရှောင်စခန်းတွင် ရေဘေးသင့်ပြည်သူများအတွက် အလှူရှင်များ၏ အကူအညီဖြင့် ပလက်ဝကောင်စီ၊ သဘာဝဘေးဒဏ်ကူညီရေးကော်မတီမှ ဒုတိယအကြိမ်အဖြစ် ဇွန်လ ၁၄ ရက်နေ့တွင် သွားရောက်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ပလက်ဝကောင်စီ၊ သဘာဝဘေးဒဏ်ကူညီရေးကော်မတီမှ ကျေးရွာသုံးရွာရှိ ရေဘေးသင့် စစ်ရှောင်ပြည်သူများအား ဆန် ၁၈၀ အိတ်၊ မိုးကာ ၁၀၀ ချပ်နှင့် အိမ်သာခွက်နှင့် ပိုက် ၁၀၀ စုံကို ဒုတိယအကြိမ် သွားရောက်လှူဒါန်းပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထပ်မံ၍လည်း စစ်ရှောင်ပြည်သူများ၏နေအိမ်များ ပြန်လည်ဆောက်လုပ်ရန်အတွက် သစ်၊ ဝါးများ လိုအပ်နေပြီး ရေသိုလှောင်ရန်အတွက် ရေပုံးများနှင့် အခြေခံစားနပ်ရိက္ခာများ၊ ဆေးဝါးများ ဆက်လက်၍ လိုအပ်မှုရှိနေကြောင်း ပလက်ဝကောင်စီ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ပြန်လည်ထူထောင်ရေးဌာနမှူး ဆလိုင်းစိုးသန်းထံမှ သိရသည်။
“ဒုတိယအကြိမ်အနေနဲ့ အလှူရှင်တွေရဲ့ လှူဒါန်းတာတွေကို ပလက်ဝကောင်စီ၊ သဘာဝဘေးဒဏ်ကူညီရေး ကော်မတီက သွားရောက်လှူဒါန်းပေးခဲ့တယ်။ ဒီတစ်ကြိမ်မှာတော့ ဆန်ရယ်၊ မိုးကာရယ်၊ အိမ်သာခွက်နဲ့ ပိုက်ရယ်ကို ပေးအပ်ခဲ့တယ်။ လိုအပ်တာတွေတော့ ရှိနေသေးတယ်။ အိမ်ဆောက်ဖို့အတွက် သစ်၊ ဝါး တွေလိုတယ်။ ရေသိုလှောင်ဖို့နဲ့ သွယ်တန်းဖို့အတွက် ရေပုံးအကြီးနဲ့ ပိုက်တွေလိုအပ်တယ်။ အခြေခံစားသောက်ကုန်တွေနဲ့ နေမကောင်းတဲ့သူတွေအတွက် ဆေးဝါးတွေလည်း ဆက်လက်ပြီးတော့ လိုအပ်နေပါတယ်…” ဟု ပလက်ဝကောင်စီ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ပြန်လည်ထူထောင်ရေးဌာနမှူး ဆလိုင်းစိုးသန်းမှ ခူမီးမီဒီယာသို့ ပြောသည်။
ဆက်ပြောသည်မှာ “အိမ်တစ်ဆောင်ကို ဝါးအလုံးရေ ၃၅၀ နဲ့ ၄၀၀ ဝန်းကျင်လောက်တော့ လိုအပ်တယ်။ ဝါးတစ်လုံးကို ရူပီး ၃၀ နှုန်းနဲ့ ကာလပေါက်ဈေးရှိတယ်။ အိမ်တစ်ဆောင်ကို ရူပီး ၂၀၀၀၀ ကနေ ၂၅၀၀၀ ဝန်းကျင်လောက် ကုန်ကျမှုရှိမယ်လို့ သိရတယ်။ အိမ်သာအတွက်က ရူပီ ၂၅၀၀ နဲ့ ၃၀၀၀ ဝန်းကျင်လောက် ကုန်ကျမယ်။ ဆန်ကလည်း လိုအပ်နေပါတယ်။ ဆန်က ၅၀ Kg တစ်အိတ်ကို ရူပီး ၂၁၀၀ နဲ့ ၂၅၀၀ ရှိပါတယ်။ ဆက်လက်ပြီးတော့လည်း လှူဒါန်းပေးကြဖို့ မေတ္တာရပ်ခံချင်ပါတယ်။ လှူဒါန်းပေးခဲ့တာတွအတွက်လည်း ကျေးဇူးအထူးတင်ရှိပါတယ်…” ဟု ပြောသည်။
ပြည်တွင်း/ပြည်ပတွင်ရှိသည့် အဖွဲ့အစည်းများဖြစ်စေ လူပုဂ္ဂိုလ်တစ်ဦးချင်းစီဖြစ်စေ ပါဝင်လှူဒါန်းလိုပါက ပလက်ဝကောင်စီ၊ စစ်ဘေးရှောင်နှင့် လူသားစာနာကူညီရေးဌာန၏ Facebook Messenger ဖြစ်သည့် Paletwa IDPs and Humanitarian Supporting သို့လည်းကောင်း +91 92336 76151 ( Salai Soe Than) သို့လည်းကောင်း တိုက်ရိုက်ဆက်သွယ်၍ လှူဒါန်းနိုင်ပါကြောင်း သိရသည်။
သတင်း – James Roe
