ပလက်ဝသည် ချင်းပြည်ဆိုသည်ကို ချင်းညီနောင်အဖွဲ့ဝင် အားလုံးက တညီတညွတ်ထဲ လက်ခံထားပြီး ပလက်ဝအရေး စားပွဲဝိုင်းပေါ် ဆွေးနွေးအဖြေရှာရမည်ဟု ချင်းညီနောင်ဖြေကြား
ဇွန်လ ၁၈ ရက်၊ ၂၀၂၅။
ULA/AA က သိမ်းပိုက်ထိမ်းချုပ်ထားသည့် ပလက်ဝမြို့နယ်သည် ချင်းပြည်ဆိုသည်ကို ချင်းညီနောင်အဖွဲ့ဝင် အားလုံးက တညီတညွတ်ထဲ လက်ခံထားကြောင်းနှင့် ပလက်ဝအရေးကို စားပွဲဝိုင်းပေါ် ဆွေးနွေးကာ အဖြေရှာရမည်ဖြစ်ကြောင်း ယနေ့ ဇွန်လ ၁၈ ရက်နေ့တွင် ပြုလုပ်သည့် လက်ရှိ ချင်းပြည်နယ်တွင် ဖြစ်ပေါ်နေသော စစ်ရေး၊ နိုင်ငံရေး အခင်းအကျင်းနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲမှာ ချင်းညီနောင်က ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းယောမာန်က ပြောသည်။
ULA/ AA ထိန်းချုပ်ထားသည့် ပလက်ဝဒေသကို ရခိုင်ပြည်ထဲ ခရိုင်တစ်ခုအနေဖြင့် အာရက္ခပြည်သူ့တော်လှန်ရေး အစိုးရဘက်က ထည့်သွင်းဖွဲ့စည်းခဲ့ကြောင်း သတင်းများထွက်ပေါ်လာသည့် အခြေနေနှင့်ပတ်သက်၍ ULA/ AA မဟာမိတ်ဖြစ်သည့် ချင်းညီနောင်အဖွဲ့အနေနှင့် မည်ကဲ့သို့ သဘောထား အမြင်၊ ရပ်တည်ချက် ရှိကြောင်းကို သတင်းဌာနများမှ မေးခွန်းထုတ်ထားသည်ကို ချင်းညီနောင် ပြောရေးဆိုခွင့်ရှိသူ ဆလိုင်ယောမာန်က အောက်ပါအတိုင်း ဖြေကြားထားသည်ကို သိရသည်။
“အရင်ဆုံး၊ အရှင်းလင်းဆုံး ပြောချင်တာက ကျွန်တော်တို့ ချင်းညီနောင် အကုန်လုံးက ပလက်ဝသည် ချင်းပြည်ဆိုတာကို အကုန်လုံးက တညီညွတ်ထဲ ယုံကြည်ကြတယ်၊ လက်ခံကြတယ်၊၊ ဒါက ညီနောင်ထဲမှာ မဟုတ်ပါဘူး… တနိုင်ငံလုံးကလည်း အကုန်လုံးကလည်း သိပါတယ်။ ဒီလိုမျိုး ရပ်တည်လာတာပေါ်နော်၊ ဒီလိုမျိုးပဲ ဖြစ်လာတာပါ…”
“တဆက်ထဲမှာပဲ ULA /AA သည် ကျနော်တို့ရဲ့ အိမ်နီးချင်းကောင်းဖြစ်တယ်။ အိမ်နီးချင်းကောင်းထက်ပိုတဲ့ တကယ့် ရဲဘော်ရဲဖက် ဖြစ်တယ်ပေါ့နော်၊၊ ဒီလိုမျိုး တော်လှန်ရေးကာလမှာ တချို့ဟာတွေကို အချင်းချင်း နိုင်ငံရေး အမြတ်ထုတ်လိုတဲ့ သဘောမျိုးနဲ့ ဒါမှမဟုတ် လူမျိုးရေး မုန်းတီးမှုတွေ ပွားနေအောင် ဆွတဲ့ အပိုင်းတွေကို ဒီကာလမှာ ကျွန်တော်တို့ သတိထားရမယ်…” ဟု ဆိုသည်။
“သတင်းမီဒီယာတွေပြောသလိုပဲ တရားဝင်ချပြတာကြီးလည်း မဟုတ်ဘူး။ သူတို့အနေနဲ့လည်း အာရက္ခပြည်၊ အာရက္ခဒေသ၊ ULA /AA သည်ဆိုလည်း ရခိုင်ဆိုတဲ့ ရခိုင်အတွက်၊ ရခိုင်လူမျိုးဆိုတဲ့ အာရက္ခဒေသ၊ အာရက္ခပြည်သူဆိုတဲ့ ရခိုင်ထဲကမဟုတ်တဲ့ မြိုတွေ၊ ခမိတွေရော စသဖြင့်ပေါ့ အကုန်လုံး တခြားလူမျိုးတွေနဲ့ သွားနေတာ Nation Building တစ်ခုသွားနေတာ အားလုံးမြင်နေရတယ်ပေါ့။ အဲလိုမျိုးလည်း ကျွန်တော်တို့တွေ့ရတယ်။ ပြီးတော့မှလည်း ချင်းမီဒီယာတွေနဲ့လည်း ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ဖြေဖူးပါတယ်။ ပလက်ဝသည် ချင်းပြည်ဆိုသည် ဆိုတာ အရင်ကမီဒီယာမှာ သူတို့ဖြေဖူးတာရှိတယ်…” ဟု ပြောသည်။
“ကျွန်တော်တို့ ဒီအခြေအနေမှာ စစ်ကောင်စီ ပြုတ်ကျရေးကို အလေးထားရမယ့် အခြေအနေဖြစ်တယ်။ ဒါကို အမှတ်ရဖို့ဖြစ်တယ်။ စစ်ကောင်စီသာ ပြုတ်မကျသွားဘူးဆိုရင် အလကားပဲ။ မည်သည့်ထိန်းချုပ်နယ်မြေမဆို အလဟာသဖြစ်သွားမှာပဲ။ စစ်ကောင်စီသည်လည်း သူ့ကိုယ်သူ အသက်ပြန်ဆက်ဖို့ ကြိုးစားနေတာကို ကျွန်တော်တို့ မြင်နေရတယ် ပေါ့နော်။ ဥပမာဆိုရင် နောင်ချိုဘက်၊ တောင်ခန်းဘက် ပြန်ထိုးနေတယ်။ လားရှိုးဆိုလည်း သူတို့ပြန်ထိန်းချုပ်လို့ရတဲ့ ပုံစံဖြစ်သွားတယ်။ မိုးဗြဲဘက်ပေါ့နော် ကရင်နီဆိုလည်း ပြန်ထိုးစစ်ဆင်နေတယ်။ စသဖြင့်ပေါ့လေ။ ဒီလိုမျိုးတော်လှန်ရေးကာလမှာ စစ်ကောင်စီကင်းစင်အောင် လုပ်ထားပြီးသားနေရာမှာတော့ အုပ်ချုပ်ရေး လည်ပတ်တဲ့ သဘောကတော့ ရှိမှာပဲ။ အဲဒါကို ကျွန်တော်တို့က အမျိုးသားရေး ခေါင်းစဉ်တပ်ပြီးမှ အချင်းချင်းရန်ရှာလို့ မရဘူး။ အချင်းချင်း ပြသနာကို မီးထွန်းရှာလို့တော့ မရဘူး…” ဟု ပြောသည်။
“ကျနော်တို့ တစ်ဖက်မှာလည်းပဲ ချင်း၊ ရခိုင်ဆိုတဲ့ Narrative(ဇာတ်ကြောင်း) ကို မသွားပဲနဲ့ ဥပမာ ULA/ AA သည်လည်း အာရက္ခဒေသထဲ မဟုတ်ပဲနဲ့ ရခိုင်ပြည်နယ် အပြင်မှာရှိတဲ့ ရခိုင်လူမျိုးတွေအတွက်လည်း သူတို့ စဉ်းစားရတာပဲ။ ကချင်မှာလည်း ရခိုင်တွေရှိတယ်။ မကွေး၊ ဧရာဝတီ၊ ပဲခူး စသဖြင့်ပေါ့နော်။ ကျနော် ချင်းတွေမှာလည်း ချင်းပြည်နယ်မှာ မဟုတ်တဲ့ ရခိုင်ပြည်နယ်မှာလည်း ချင်းတွေအများကြီး ရှိတာပဲ၊ မကွေး၊ စစ်ကိုင်း စသဖြင့်ပေါ့နော်။ ရှင်းရှင်း ပြောရရင် ချင်းပြည်ပြင်ပမှာရှိတဲ့ ချင်းတွေက ချင်းပြည်နယ်မှာ ရှိတဲ့ ချင်းတွေထက် ပိုများနိုင်တဲ့ အခြေအနေမှာတောင် ရှိပါတယ်။ အဲဒါမျိုးတွေကို ပြန်စဉ်းစားလာရတဲ့ အခါကြရင် အကုန်လုံးက ဆက်စပ်နေတဲ့ သဘောသဘာဝ ပေါ့နော်။ Territorial boundary (ပိုင်နက်နယ်မြေ) တစ်ခုတည်းနဲ့ မသွားပဲနဲ့ ကျွန်တော်တို့ အချင်းအချင်း အပြန်အလှန်အကျိုးပြုဖို့၊ အချင်းချင်း အိမ်နီးချင်းကောင်းအဖြစ်ရှိဖို့၊ ဒီအခက်အခဲတွေ ပြသနာတွေကို တိုင်တိုင်ပင်ပင် ဆွေးနွေးရင်းနဲ့ စားပွဲဝိုင်းပေါ်မှာ အဖြေရှာရမယ်…” ဟု ဆိုသည်။
“ကျွန်တော်တို့ရဲ့ တစ်ခုတည်သော နည်းလမ်းက ငြိမ်းချမ်းစွာ အပြန်အလှန် အကျိုးပြုရေးနဲ့ နေသွားဖို့ပဲ။ ကျွန်တော်တို့ဟာ သွေးချင်းတွေဖြစ်တယ်၊ အိမ်နီးချင်းကောင်းတွေဖြစ်တယ်၊ ရဲဘော်ရဲဖက်တွေဖြစ်တယ်။ ကျွန်တော်တို့အဖြေကတစ်ခုတည်းပဲရှိတယ်။ Win = Win ပဲ၊ အပြန်အလှန် အကြိုးပြုတဲ့ဟာပေါ့နော်၊ အပြန်အလှန်အကျိုးပြုတဲ့ ရဲဘော်ရဲဘက်အနေနဲပဲ သွားရမယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့က စားပွဲဝိုင်းပေါ်မှာ အဖြေရှာရမယ်။ အပြန်အလှန်ဆွေးနွေးညှိနှိုင်းမှုနဲ့ သွားရမယ်။ ဒါက ပလက်ဝခရိုင်လို့ အသံတွေထွက်လာတဲ့အပေါ်မှာ ကျွန်တော်တို့ရဲ့ ရပ်တည်ချက် သဘောထားအမြင်ပဲ ဖြစ်တယ်…” ဟု ချင်းညီနောင် ပြောရေးဆိုခွင့်ရှိသူ ဆလိုင်ယောမာန်က ဖြေကြားသွားသည်ကို သိရသည်။
ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်ကို ULA/AA က ရခိုင်ပြည်နယ်၏ ၈ ခုမြောက် ခရိုင်အဖြစ် ထည့်သွင်းသတ်မှတ်လိုက်ပြီဖြစ်ကြောင်း၊ ULA/ AA က ၂၀၂၅ ခုနှစ် မေလအတွင်း ဖွဲ့စည်းသတ်မှတ်လိုက်ခြင်း ဖြစ်ကာ ခရိုင် ၈ ခုတွင် မောင်တောခရိုင်၊ စစ်တွေခရိုင်၊ မြောက်ဦးခရိုင်၊ မင်းပြားခရိုင်၊ ကျောက်ဖြူခရိုင်၊ တောင်ကုတ်ခရိုင်၊ သံတွဲခရိုင်နှင့် ချင်းပြည်နယ်တောင်ပိုင်းက ပလက်ဝခရိုင်တို့ ပါဝင်ကြောင်းကို ရခိုင်ပြည်နယ်အခြေစိုက် နိရဉ္ဇရာသတင်းဌာနက ဇွန် ၁၂ ရက်နေ့တွင် ရေးသားဖော်ပြခဲ့သည်ကို သိရသည်။
ပလက်ဝမြို့နယ်အတွင်းက စစ်ကောင်စီတပ်စခန်းများကို ULA/AA က ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဇန်နဝါရီလတွင် အပြီးသတ် သိမ်းယူနိုင်ခဲ့ပြီး ပလက်ဝမြို့နယ်အတွင်း အုပ်ချုပ်ရေးလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်နေလျက်ရှိကြောင်း သိရသည်။
သတင်း – James Roe
