မင်းပြားမြို့နယ်ရှိ ချင်းလူမျိုးများနေထိုင်သည့် ကျေးရွာများတွင် ငှက်ဖျားရောဂါ ဖြစ်ပွားနှုန်း ပိုမိုများပြားလာကာ မိန်းကလေးငယ် နှစ်ဦးနှင့် သက်ကြီးရွယ်အို တစ်ဦး အသက်သေဆုံး
ဇွန်လ ၁၉ ရက်၊ ၂၀၂၅။
ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ချင်းလူမျိုးများနေထိုင်သည့် ကျေးရွာများတွင် ငှက်ဖျားရောဂါ ဖြစ်ပွားနှုန်း ပိုမိုများပြားလာကာ ငှက်ဖျားရောဂါကြောင့် ချင်းလူမျိုး မိန်းကလေးငယ် နှစ်ဦးနှင့် သက်ကြီးရွယ်အို အမျိုးသား တစ်ဦး၊ စုစုပေါင်း သုံးဦး အသက်သေဆုံးနေပြီဖြစ်ကြောင်း ဒေသခံများ၏ သတင်းပေးပို့ချက်အရ ယနေ့ ဇွန်လ ၁၉ ရက်နေ့တွင် သိရသည်။
ငှက်ဖျားရောဂါကြောင့် မင်းပြားမြို့နယ်ရှိ ချင်းလူမျိုးများနေထိုင်သည့် မွန်ချောင်းကျေးရွာမှ အသက် တစ်နှစ်အရွယ် မိန်းကလေးငယ် တစ်ဦးသည် ဇွန်လ ၉ ရက်နေ့တွင် အသက်သေဆုံးခဲ့ကြောင်း၊ ဇွန်လ ၅ ရက်နေ့တွင် ကျောက်လုံးကြီးကျေးရွာမှ အသက် လေးနှစ်အရွယ် မိန်းကလေးငယ်တစ်ဦး အသက်သေဆုံးခဲ့ကြောင်းနှင့် မေလ ၃၀ ရက်နေ့တွင် ဟေဇော်လေးကျေးရွာမှ ၈၆ နှစ်အရွယ် သက်ကြီးရွယ်အို ချင်းအမျိုးသား တစ်ဦးတို့ အသက်သေဆုံးခဲ့ကြရကြောင်း သိရသည်။
“ဒီနှစ်ထဲမှာ ငှက်ဖျားကြောင့် သေဆုံးတဲ့ သူတွေက ၃ ယောက်တောင် ရှိနေပြီ။ အဓိကတော့ ဆေးဝါးတွေ မလုံလောက်တာရယ်၊ ကုသပေးမယ့် ဆရာ/မတွေ မလုံလောက်တာရယ်၊ ငွေကြေး မတတ်နိုင်တာရယ်၊ လမ်းပမ်းဆက်သွယ်ရေး ခက်ခဲတာတွေရယ်ကြောင့် ခုလိုဖြစ်ရတာပါ။ နေမကောင်းဖြစ်နေတဲ့ သူတွေလည်း အများကြီးရှိနေသေးတယ်။ ဘယ်လိုတွေ လုပ်ရမလဲ မသိတော့ဘူး။ အကူအညီ အများကြီး လိုအပ်နေပါတယ်။ အကူအညီပေးမယ့်သူတွေရှိရင် လာရောက်ကူညီပေးစေချင်ပါတယ်…” ဟု ဒေသခံချင်းအမျိုးသားတစ်ဦးက ခူမီးမီဒီယာသို့ ပြောသည်။
လက်ရှိတွင် မင်းပြားမြို့နယ်ရှိ ချင်းလူမျိုးများအများဆုံးနေထိုင်နေသည့် ကျေးရွာများတွင် ငှက်ဖျားရောဂါ ခံစားနေသူများသည် တစ်ရွာလျှင် အနည်းဆုံး ၁၀ ဦးနှင့်အထက် ရှိကြောင်းနှင့် ဆေးဝါးများပြတ်လပ်ခြင်း၊ ဆေးဝါးရရှိနိုင်သည့် မြို့/ရွာများနှင့်လည်း တော်တော်အလှမ်းဝေးကာ လမ်းပန်းဆက်သွယ်ရေးခက်ခဲခြင်း၊ NGO များကဲ့သို့ လူမှုအဖွဲ့အစည်းများလည်း မလာရောက်နိုင်ခြင်းနှင့် အဖက်ဖက်တွင် ဆင်းရဲနွမ်းပါးမှုရှိနေခြင်း (ငွေကြေးခက်ခဲမှုအပါအဝင်) စသည်တို့ကြောင့် ငှက်ဖျားရောဂါဖြစ်ပွားနှုန်းမြင့်တက်လာကာ တခြား ကျန်းမာရေး စောင့်ရှောက်မှုများလည်း လိုအပ်နေလျှက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။
“ဒီဒေသက ဟိုအရင်ကတည်းက ငှက်ဖျားရောဂါ ဖြစ်နေကျပါပဲ။ ဒါပေမယ့် ငှက်ဖျားဖြစ်တာက ဟိုအရင်ကဆိုရင် မိုးရာသီမှပဲ ဖြစ်ကြတာလေ။ ဒီနှစ်ထဲမှာတော့ ငှက်ဖျားရောဂါဖြစ်တာက ကပ်ရောဂါတစ်ခု လိုကိုဖြစ်တာ။ နွေရာသီကတည်းကနေ စဖြစ်ပြီးတော့ မရပ်တော့ဘူး။ တအား ကြောက်ဖို့ကောင်းတယ်။ ရောဂါဖြစ်တာက အဆင့်တွေ ကွာခြားတယ်။ ဖြစ်ခါစဆိုရင်တော့ သောက်ဆေးလောက်နဲ့ အဆင်ပြေပေမယ့် အဆင့်မြင့်လာပြီဆိုရင် ထိုးဆေးတွေနဲ့ ကုသရပါတယ်။ ထိုးဆေးကလည်း လိုအပ်တဲ့အချိန်မှာ လိုချင်လောက် မရနိုင်ပါဘူး။ artemether injection တွေ ထိုးရတယ်။ ဒါကို ဒီဘက်ကရွာတွေမှာ ဝယ်ယူလို့မရပါဘူး။ ထိုးဆေးက တစ်လုံးကို အနည်းဆုံး ပိုက်ဆံ ၂၀၀၀၀ ကျော်ပေးရပြီးတော့ လူနာတစ်ယောက်ကို အနည်းဆုံး ၃၊ ၄ လုံးလောက်ထိုးမှ သက်သာနိုင်တာ။ ဒါတွေလည်း အခုမရနိုင်ဘူးဖြစ်နေတယ်။ တအားခက်ခဲနေတယ်…” ဟု ဒေသခံချင်းအမျိုးသားတစ်ဦးက ခူမီးမီဒီယာသို့ ပြောသည်။
ချင်းလူမျိုးများနေထိုင်သည့် မင်းပြားမြို့နယ်တွင် ငှက်ဖျားရောဂါအတွက် သောက်ဆေးများနှင့် ထိုးဆေးများပင် ဝယ်ယူ၍ မရဖြစ်နေသည့် အခြေအနေတွင်ရှိနေကာ ဒေသအတွင်းတွင် ကပ်ရောဂါသဖွယ် ကူးစက်ပြန့်ပွားနေပြီး ဒေသခံများသည် အသက်မသေဆုံးသင့်ဘဲ သေဆုံးနေကြရကြောင်း သိရသည်။
သတင်း – James Roe
Photo by Saya Aung Myint
ပုံစာ – ဟေဇော်လေးကျေးရွာ။
