
၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်။
ဒီနေ့က အေအေလက်ထဲရောက်နေတာ တိတိကျကျပြောရရင် ၃၈ ရက်မြောက်နေ့ပါ။
နည်းနည်းသက်တောင့်သက်သာဖြစ်တဲ့နေရာမှာ ရောက်နေလို့ထင်ပါရဲ့ ကျွန်တော့်စိတ်တွေ အရင်လိုလေးလံမနေတော့ပါ။
မနက် ၈ နာရီမှာတော့ ကျွန်တော့်ကို “နေရာပြန်ပြောင်းရမယ်၊ ခရီးသွားဖို့ ပြင်ဆင်ထားပါ…”လို့ စခန်းတာဝန်ခံက လာပြောပါတယ်။ အဝတ်အစားတွေ အိပ်ရာလိပ်တွေ အဆင်သင့်ပြင်ထားဖို့ပြောပြီး မနက်စာထမင်းကိုလည်း ခပ်စောစောကျွေးပါတယ်။
မနက် ဆယ်နာရီလောက်မှာတော့ အေအေရဲဘော် ငါးယောက်၊ တပ်ကြပ်အဆင့်ရှိသူတစ်ယောက်ကဦးဆောင်ပြီး အရင်ကျွန်တော်လာခဲ့တဲ့လမ်းအတိုင်း ခရီးနှင်ကြပါတယ်။ ကျွန်တော့်အိတ်ကိုတော့ ရဲဘော်တွေက တစ်ယောက် တစ်လှည့်စီ ဝိုင်းကူထမ်းပေးကြပါတယ်။
ရာသီက တောင်ယာကောက်သိမ်းအပြီး နှမ်းခုတ်အချိန်ဆိုတော့ ခုတ်ပြီးသားနှမ်းပင်တွေကို နေပူလှမ်းထားတဲ့ မြင်ကွင်းတွေ တွေ့ရပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းက တစ်ခါသွားခဲ့ပြီးသားလမ်းအတိုင်းပဲဆိုတော့ မှတ်မိနေတယ်။
ချောင်းတွေဖြတ်ရတော့ ငါးတွေ၊ ပုဇွန်တွေ၊ ခရုငယ်တွေ တွေ့ရတယ်။ ကိုယ်က ဟင်းငတ်တာကြာတော့ မြုံးထောင်ရင်ရမှာပဲလို့ မဆီမဆိုင်တွေးမိ နေပါသေးတယ်။ လျှောက်လာတာကြာတော့ ခြေထောက်ကသံခြေချင်းနဲ့မို့ တဖြည်းဖြည်းလေးလံလာတယ်။
အရင်လိုပဲ ရေနဲ့ထိရင်ခြေချင်းဒဏ်ရာက စပ်လာတယ်။ အခုတစ်ခေါက်လည်း မလွတ်မလပ်ကြီး သွားရတာဆိုတော့ ထိမိခိုက်မိတာတွေအများကြီးပါပဲ။ စစ်ရဲ့လှုပ်ရှားမှုလိုသွားရတော့လည်း ဘာမှမတက်နိုင်ပါ။ သူတို့နားရင်နား၊ သူတို့သွားရင်သွား၊ သူတို့ စမ်းချောင်းရေကိုသောက်ရင် ကိုယ်လည်းသောက်လိုက်တာပါပဲ။
နေ့လည် ၁ နာရီလောက်မှာတော့ အရင်နေခဲ့တဲ့စခန်းတောင်ခြေကို ရောက်ပါပြီ။ အဲဒီတောင်တက်လမ်းက မတ်စောက်ပြီး နည်းနည်းကြမ်းပါတယ်။ ကျွန်တော့်မှာ သံခြေချင်းတန်းလန်းကြီးနဲ့ဆိုတော့ မတက်ခင်ကတည်းက စိတ်မောလူမောပါပဲ။ ဒါပေမယ့် တုတ်တို(တေင်ဝှေး)တစ်ချောင်းအားပြုပြီး တက်လာခဲ့ပါတယ်။ နာရီဝက်လောက် တက်လာတော့ ဗိုလ်မှုးခိုင်ရက္ခနေတဲ့ တဲဆီရောက်ပါပြီ။
ရောက်ရောက်ချင်း သူက “နေကောင်းလား…”လို့ နှုတ်ဆက်ပါတယ်။
ကျွန်တော့်မှာ ချွေးတလုံးလုံးနဲ့ မောလွန်းလို့ သူ့ကိုမဖြေနိုင်ပါ။ အသက်ကို ခပ်ပြင်းပြင်းရှုထုတ်ပြီး ပြုံးပဲပြုံးပြ လိုက်ပါတယ်။ ကျွန်တော်နဲ့အတူလိုက်လာတဲ့ ရဲဘော်တွေက တပ်ထုံးစံအတိုင်း သတင်းပို့တာတွေဘာတွေ လုပ်ကြတယ်။ ကျွန်တော်ကတော့ နေရမဲ့နေရာဟောင်းဆီ ခပ်ဖြည်းဖြည်း တက်လာခဲ့ပါတယ်။ အဲဒီမှာ လူဟောင်းတွေ(အေအေအကျဉ်းကျရဲဘော်)နဲ့ ပြန်ဆုံရပါတယ်။
သူတို့လည်း ၉ ရက်နေ့မှာ ဒီနေရာကပြောင်းခဲ့ရကြောင်း၊ လွန်ခဲ့တဲ့ငါးရက်ကဆို အစိုးရတပ်က လောင်ချာတွေနဲ့ ပစ်တာခံရကြောင်း၊ အခုနေရာကျည်မရောက်ပေမယ့် အောက်ဘက်နားက အချို့ရဲဘော်တွေ ထိခိုက်တာတွေရှိကြောင်း၊ နောက်ရက်ကျတော့ သူတို့လည်း အခြားတစ်နေရာ ပြောင်းခဲ့ရကြောင်း ပြောပြကြပါတယ်။
ဒီနေ့တော့ အကျဉ်းသားသစ် နှစ်ဦးထပ်ရောက်လာပါတယ်။ ပလက်ဝက ချင်းအမျိုးသားဦးတောင်ပန်း (ပညာရေး ဝန်ထမ်း)နဲ့ အေအေရဲဘော် သန်းမောင်တို့ဖြစ်ပါတယ်။
ဦးတောင်ပန်းက ချင်း(လိုင်မီးမျိုးနွယ်)ဖြစ်ပေမယ့် ပလက်ဝမှာ အနေကြာတော့ ချင်း(ခူးမီးမျိုးနွယ်)စကားကို ကောင်းကောင်းပြောတတ်တာရယ်၊ ကျွန်တော်နဲ့လည်း အရင်ကတည်းက ခင်မင်ရင်းနှီးနေတာကြောင့် လက်ဆွဲနှုတ်ဆက်ပြီး ခူမီးလို တိုးတိုးတိုးတိုးနဲ့ တစ်ယောက်သတင်းတစ်ယောက်မေးကြပါတယ်။
သူ့ခေါင်းမှာလည်း ဆံပင်ဖြူတွေ အဖွေးသားနဲ့ပါ။ ကျွန်တော်အဖမ်းခံရတုန်းက စခန်းပေါ်တက်လာစဉ် လှမ်းမြင်ရပေမဲ့ အခွင့်မသာလို့ နှုတ်မဆက်ဖြစ်ကြောင်း ပြောရှာပါတယ်။ နဂိုက နေရာကျဉ်းရတဲ့အထဲ နောက်ထပ်နှစ် ယောက်ရောက်လာတော့ ကျဉ်းကျဉ်းကြပ်ကြပ်နဲ့နေရပေမဲ့ ဦးတောင်ပန်းရောက်လာတော့လည်း တိုးတိုးဖော် ရလို့ စိတ်အားတက်မိတာတော့ အမှန်ပါပဲ။
ဦးတောင်ပန်းက ပညာရေးဌာနမှာ အထွေထွေဝန်ထမ်းလုပ်ရင်း တစ်ဖက်က ပွီဝုန်းရွာဆိပ်ကမ်း(ပလက်ဝ-ကျောက်တော်ရေယာဉ်လိုင်း ထမင်းစားတစ်ထောက်နားနေရာ)မှာ ထမင်းဆိုင်ဖွင့်ပါတယ်။ ပွီဝုန်းရွာနဲ့ ရေလမ်း မိနစ်ပိုင်းပဲဝေးတဲ့ မီးဝရွာ(ရခိုင်ရွာ)မှာလည်း ထမင်းဆိုင်တွေရှိပါတယ်။ ခက်တာက ရေယာဉ်လိုင်းနားတဲ့နေရာက ခရီးသည်တွေထမင်းစားရမယ့် နေရာဖြစ်နေတော့ စီးပွားရေးနဲ့တိုက်ရိုက်အချိုးကျနေတယ် မဟုတ်လား။
ဦးတောင်ပန်းက ချင်း၊ မီးဝမှာ ထမင်းဆိုင်ဖွင့်သူတွေက ရခိုင်ဆိုတော့ ကျွန်တော်သိပါတယ်။ ဦးတောင်ပန်းလည်း အစိုးရတပ်သတင်းပေး အလိုလိုဖြစ်ရတာပါပဲ။
သူကတော့ ဖော်ဖော်ရွေရွေရှိသူပါ။ အေအေရဲဘော်တွေနဲ့လည်း ခင်ခင်မင်မင်ရှိနေတာတွေ့ရပါတယ်။ သူနဲ့ အခင်ဆုံးက ပလက်ဝသား တပ်ကြပ်အောင်းမင်းချေ ဆိုသူဖြစ်ပါတယ်။ နှစ်ယောက်လုံးက ကွမ်းကြိုက်သူတွေဆိုတော့ တစ်ယောက်ဆီတစ်ယောက် “ကွမ်းရှိသေးလား”နဲ့ မေးပြီး ကွမ်းထုပ်ဖြည် အတူတူစားနေကြ။
အဲဒီနေ့မှာ အေအေတပ်သားသစ်တွေ ထပ်ရောက်လာတာတွေ့ရတယ်။ ကျွန်တော်ရှိတဲ့တဲနား ခဏတဖြုတ်နားနေကြရင်း ရဲဘော်တစ်ယောက်က “အစ်ကိုကြီးရဲ့ အိမ်ရှင်မက ဘီဘီစီသတင်းဌာနနဲ့ စကားပြောသေးတယ်…”လို့ သတင်းပေးပါတယ်။ အေအေရဲဘော်တွေက အကျဉ်းသားရဲဘော်တွေကိုလည်း စီးကရက်တွေပေးသောက်ရင်း အချင်းချင်းစကားလက်ဆုံကျနေကြပါတယ်။
အဲဒီညက လူငါးယောက်ဆန့်တဲ့တဲမှာ ခုနစ်ယောက်ကြပ်ကြပ်တည်းတည်း အိပ်ရတယ်တယ်ဆိုတော့ အရင်ညတွေထက် ပိုနွေးတယ်ထင်ရပေမယ့် ကျွန်တော်ကတော့ ချက်ချင်းအိပ်မပျော်နိုင်ပါ။ ကျွန်တော့်ခြေတစ်ဖက် ထိပ်တုံးခတ် ထားတာလည်းပါတာပေါ့။ ဒါပေမယ့် နေ့လည်က အေအေရဲဘော်သစ်ပေးတဲ့သတင်းအရ အိမ်သူက ဘီဘီစီနဲ့ စကားပြောတယ်ဆိုတော့ “ဘာအကြောင်းများပါလိမ့်…”။
ကျွန်တော့်ကျန်းမာရေးလား၊ ကျွန်တော့်လွတ်မြောက်ရေးလား၊ ဒါမှမဟုတ် အခြားကျွန်တော့်ဆွေမျိုးသားချင်း တွေများ အေအေဆီအဖမ်းခံရသေးလား။ ကျွန်တော့်မှာ လားပေါင်းများစွာနဲ့ တောင်တောင်အီအီတွေးရင်း အိပ်မပျော် ဖြစ်ခဲ့ရပါတယ်။
ပြီးတော့ ဇနီးအပေါ် ဂရုနာသက်မိတယ်။ သနားမိတယ်။ လူ့သဘာဝအရ လူကောင်းတွေလို့ သတ်မှတ်မခံရတဲ့ သောင်းကျန်းသူ သူပုန်တွေဆီမှာ ကိုယ့်ယောင်္ကျား အဖမ်းခံရတာ၊ ဘယ်နေရာရောက်နေမှန်းမသိ၊ သေသလား ရှင်သလားလည်းမသိတဲ့ သူချစ်ခင်ရတဲ့သူတစ်ယောက်အကြောင်း၊ ဘယ်လိုစိတ်နဲ့များ ပြောနေမှာလိမ့်။
အခုလိုအခိုက်အတန့်မှာ ပုရွက်ဆိတ်သေးသေးကလေးလို ကိုယ်ယောင်ဖျောက်လို့ရရင် ဖျောက်လိုက်ချင်ပါရဲ့။ ဘယ်နှစ်ရက်၊ ဘယ်နှစ်လ၊ ဘယ်နှစ်နှစ်ပဲကြာကြာ ပုရွက်ဆိတ်လို ကိုယ်ယောင်ဖျောက်ပြီး သွားလိုက်ချင်တာပါ။
ဒီဇင်ဘာရဲ့ ဆောင်းအအေးဒဏ်ကိုတော့ ကြပ်ညှပ်ပူးကပ်အိပ်ရကြတဲ့ အနွေးဓာတ်နဲ့ ကျော်ဖြတ်ခဲ့ပါတယ်။ ခက်ခဲ ပင်ပန်းမှုတွေကိုလည်း ခံနေရတာ ငါတစ်ယောက်တည်းမဟုတ်ဘူး ဆိုတဲ့အတွေးနဲ့ လုံခြုံသလိုခံစားရပါတယ်။
အစက စိတ်ကျဉ်းကြပ်သလိုဖြစ်နေတဲ့ စိတ်ကလေးကလည်း နွေးနွေးထွေးထွေးခံစားရတဲ့အခါကျ ဪ… သူတို့ကိုတောင် ကျေးဇူးတင်သင့်တာပါလားဆိုတဲ့ စိတ်ကလေးဝင်လာပါတယ်။
ဘာပဲပြောပြော အဲဒီစိတ်ကလေးက ကိုယ့်အပေါ် ခဏတာငြိမ်းအေးမှုကို ပေးပါတယ်။
***
၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၁၁ ရက်။
ဒီနေ့က အေအေအကျဉ်းသား နှစ်ယောက်ပြန်လွတ်တဲ့နေ့ပါ။ ကျွန်တော့်အတွက်ကတော့ အေအေအကျဉ်းသားအဖြစ် ၃၉ ရက်မြောက်နေ့ပေါ့။
မနက် ၈ နာရီမှာ ရဲဘော်မျောက်တောင်နဲ့ ရွှေလှအောင်ကို သံခြေချင်းတွေဖြုတ်ပေးပါတယ်။ သံခြေချင်းသော့က သံချေးကိုက်နေလို့ ဖြုတ်မရတော့ ရိုက်ခွဲပစ်ရတယ်။ ပြီးတော့ အထက်အမိန့်အရဆိုပြီး တစ်ယောက်ကြိမ်ဒဏ် ၅ ချက်စီ စီရင်ချက်ခံယူဖို့ ကျွန်တော့်တို့တဲနဲ့ တစ်ဖာလုံလောက်အကွာက မြေကွက်လပ်မှာ အသင့်အနေအထားနဲ့ စောင့်နေကြပါတယ်။
ဒုဗိုလ်ဝေလနဲ့ တပ်ကြပ်ကြီးသိပ္ပံက ရခိုင့်တပ်တော်ရဲ့ ရည်မှန်းချက် ၃ ရပ်ကို ရွက်ဆိုခိုင်းပြီး တစ်ယောက် ၅ ချက်စီ ရိုက်တာ လှမ်းမြင်နေရပါတယ်။
ရဲဘော်ရွှေလှအောင်ကိုတော့ ကျွန်တော်အင်္ကျီတစ်ထည် လက်ဆောင်ပေးလိုက်ပါတယ်။ သူတို့လွတ်သွားတော့ ကျန်ခဲ့တဲ့ရဲဘော်တွေက စိတ်မကောင်းကြဘူးပေါ့။ ကျွန်တော့်အမြင်အရ သူတို့ခမျာအကျဉ်းကျနေတာတောင် ကောင်းလိမ့်ဦးမယ်။ သူတို့အလုပ်က အသက်နဲ့နီးသလို အရာရှိတွေကလွဲရင် အကြပ်တွေတပ်သားတွေက အနားရတယ်လို့မှမရှိပဲ။
မနက်စောစာ ၇ နာရီလောက်ကတည်းက လုပ်လိုက်ရတဲ့အလုပ် (အလုပ်ဆိုတာ အဓိကရိက္ခာသယ်ပိုးရတာပါ) ည ၇ နာရီ ၉ နာရီလောက်မှ ပြန်ရောက်လာကြတာ တွေ့ရတယ်။ အချို့ရက်တွေဆို ည ၁၀ နာရီလောက်မှ ပြန်ရောက်လာကြပါတယ်။
ဒါပေမယ့် လူသားတွေက ကိုယ်ပင်ပန်းတာထက် စိတ်ပင်ပန်းရမှာကို ပိုကြောက်တတ်ကြပါတယ်။ ပြီးတော့ လွတ်လပ်ခြင်းကို အသက်နဲ့ထပ်တူ တန်ဖိုးထားကြတယ်။
အချုပ်အနှောင်ခံတယ်၊ ဖိနှိပ်ခံရတယ်…ဆိုတဲ့ မလွတ်လပ်မှု တစ်နည်းစိတ်ပင်ပန်းမှုထက် ငါလွတ်လပ်တယ်၊ ငါ့ခံယူချက်နဲ့ ငါရွေးချယ်တဲ့လမ်းအတိုင်း ငါလျှောက်လှမ်းနေတယ်…ဆိုတဲ့ ကိုယ်ပင်ပန်းမှုကို ပိုရွေးချယ်တတ်ကြပါတယ်။
***
၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက်။
ဒီနေ့က မနက်နိုးတော့ စိတ်ကြည်ကြည်လင်လင် ဖြစ်နေပါတယ်။ ကိုယ်က အကျဉ်းသားတစ်ယောက်ဖြစ်နေတာတောင်မှ လွတ်လပ်ပေါ့ပါးတဲ့ အကောင်းမြင်ဘက်ကပဲ မြင်နေမိတယ်။ လူ့စိတ်က မလွယ်ဘူးပဲ။ အပြောင်းအလဲ တော်တော်မြန်ပါတယ်။
ဘယ်အရာမဆို ကိုယ်ကအကောင်းဘက်ကတွေးရင် ကောင်းကွက်ကလေးတွေမြင်ပြီးတော့ မကောင်းတဲ့ဘက်ကတွေးရင် ဆိုးကွက်တွေချည်းပဲ မြင်နေတော့တာပါ။ ပြီးတော့ လက်ရှိဖြစ်တည်မှုအပေါ်မှာလည်း သာယာတတ်ပါတယ်။ ဆင်းရဲဒုက္ခရောက်နေတာချင်းအတူတူ ငါကသူ့လောက်မဆိုးသေးပါဘူးဆိုပြီး တလွဲဂုဏ်ယူတတ်ပါတယ်။
ဒါကြောင့် ဘုရားဟောမှာ “ငရဲကျသူတွေလည်း သေရမှာကြောက်တတ်ကြတယ်…”လို့။
ဒီနေ့က ကျွန်တော်တို့ တိုင်ပင်မထားပဲနဲ့ ဦးတောင်ပန်းကို ဝိုင်းပြီးဆေးထိုးကြပါတယ်။
အတည်လိုလိုနဲ့ သူ့ကို…
“ကျွန်တော်တို့ အကျဉ်းသားအဖွဲ့ကို ဘင်္ဂလားဒေ့ရှ်နယ်စပ်ထိ ခြေကျင်ခေါ်သွားပြီးတော့ စစ်ပညာသင်ခိုင်းဖို့ အစီအစဉ်ရှိတဲ့သတင်း ကြားရတယ်…” ပြောတော့ ဦးတောင်ပန်း ကွက်ကနဲ မျက်နှာပျက်သွားပါတယ်။
ကျန်တဲ့ရဲဘော်တွေကလည်း ကျွန်တော့်စကားအပေါ် အလိုက်သင့်မျောပြီးပြောကြတော့ ပိုဆိုးတာပေါ့။ သူက အသက်အရွယ်အရလည်း သက်ကြီးပိုင်းဖြစ်နေပြီဆိုတော့ အစိုးရိမ်လွန်တတ်တာလည်း ပါတာကိုး။
ကျွန်တော့်ကိုဆို…
“မင်းက ဒေါ်အောင်ဆန်းစုကြည် ပါတီကဆိုတော့ လွတ်လမ်းမမြင်ဘူးဟေ့…”လို့တောင် အော်ပြောလိုက်ပါသေးတယ်။
ဦးတောင်ပန်းက လေးဖာလုံလောက်ဝေးတဲ့ချောင်းထဲ ရေဆင်းချိုးရပါတယ်။ ရေဆင်းချိုးတိုင်းလည်း ရေတစ်ပုံး အမြဲထမ်းလာရပါတယ်။ အတက်အဆင်းခရီးဖြစ်တော့ အကျဉ်းကျရဲဘော်တွေက ညှာတာတဲ့အနေနဲ့ ခပ်သေးသေးရေပုံးကိုပဲ ထမ်းခိုင်းပါတယ်။
ကျွန်တော့်ကိုတော့ ချောင်းထဲရေပေးမချိုးပါ။ သူတို့ခပ်ပေးတဲ့ ရေပဲချိုးရပါတယ်။ ဆောင်းရာသီမို့လို့ အေးစိမ့်နေ တာကတစ်ပိုင်း၊ ပင်ပင်ပန်းပန်းခပ်ရတဲ့ အကျဉ်းသားရဲဘော်တွေကို အားနာတာကတစ်ပိုင်း၊ နှစ်ပိုင်းပေါင်းလိုက်တော့ ကျွန်တော်တစ်ပတ်တစ်ခါပဲ ရေချိုးဖြစ်ပါတယ်။
ကျွန်တော့်အတွက်တော့ ဒီနေ့ဟာ သူပုန်အကျဉ်းသားဖြစ်ရတာ ရက်ပေါင်း ၄၀ ပြည့်ပါပြီ။
အရင်လို ဘယ်နေ့လွတ်မှာလဲဆိုတဲ့ စိတ်ကူးယဉ်မှုတွေလည်း မရှိတော့ပါဘူး။ ဒီက လွတ်မြောက်ရေးဆိုတဲ့ ခါ တိုင်းတွေးနေကျ အတွေးတွေကိုလည်း မေ့မေ့ပျောက်ပျောက်ကို ဖြစ်နေတာပါ။ ခံစားချက်က အရာရာက ပုံမှန်လည်ပတ်နေတဲ့ ဖြစ်စဉ်တစ်ခုထဲ ရောက်နေသလိုမျိုး။
ပြီးတော့လည်း ဟိုတလောက ဟိုပြောင်းဒီပြောင်းသွားရတဲ့ အတွေ့အကြုံအရ သူတို့ကျွန်တော့်အပေါ် မဟုတ် မဟတ်တော့ မလုပ်တန်ရာဆိုပြီး တထစ်ချယုံကြည်သွားပါတယ်။ ထောင်သက်ရင့်သူတွေ ထောင်ပျော်ဖြစ်နေ သလိုမျိုး သူပုန်အကျဉ်းသား အရင့်စားဖြစ်သွားလို့လားတော့မသိ။
***
အပိုင်း (၁၄) ဆက်လက်ဖတ်ရှုပါရန်။
