ချင်းပြည်(Chinland) အစိုးရ၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက သူနာပြုနှင့် သားဖွား ဒီပလိုမာ ဒုတိယအသုတ်ခေါ်ယူ
ဇူလိုင်လ ၃ ရက်၊ ၂၀၂၅။
ချင်းပြည်(Chinland) အစိုးရ၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ သူနာပြုနှင့် သားဖွား ဒီပလိုမာ (Diploma in Nursing and Midwifery Program) ဒုတိယအသုတ် ခေါ်ယူနေကြောင်း ဇူလိုင်လ ၂ ရက်နေ့တွင် ထုတ်ပြန်ကြေငြာထားသည်ကို သိရသည်။
ချင်းပြည်(Chinland) အတွင်း ကြုံတွေ့နေရသော ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ် ရှားပါးခြင်းကို ကျော်လွှားနိုင်ရန်နှင့် ချင်းပြည်(Chinland)၏ ပိုမိုလိုအပ်သော နေရာအတွက် ကျန်းမာရေးစောင့်ရှောက်မှု လွှမ်းခြုံမှု ပိုမိုကောင်းမွန်စေရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း သိရသည်။
Diploma in Nursing and Midwifery Program ဒုတိယအသုတ်ကို ခေါ်ယူလျှက်ရှိပြီး စိတ်ဝင်စားသူများ အနေဖြင့် သတ်မှတ်ချက်နှင့် ကိုက်ညီပါက Messenger မှ Google link တောင်းယူ၍ဖြစ်စေ၊ သက်ဆိုင်ရာ ဒေသန္တာရအုပ်ချုပ်ရေး အဖွဲ့များထံတွင် လျှောက်လွှာတောင်းခံ၍ဖြစ်စေ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်နေ့ နောက်ဆုံးထား၍ လျှောက်ထားနိုင်ကြောင်း ထုတ်ပြန်ထားသည်။
Diploma in Nursing and Midwifery Program ကို ၃ နှစ် တက်ရောက်မည်ဖြစ်ပြီး သင်တန်းသူ အယောက် ၇၀ ဦး လက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။
အရည်ချင်းသတ်မှတ်ချက်မှာ ၂၀၂၁ ခုနှစ်မတိုင်မီ တက္ကသိုလ်ဝင်တန်းအောင်များနှင့် ၂၀၂၁ ခုနှစ်နောက်ပိုင်း NUG ၁၀ တန်း(စနစ်ဟောင်း) သို့မဟုတ် ၁၂ တန်းအောင်မြင်သူများ၊ ချင်းပြည်အစိုးရ ပညာရေးဝန်ကြီးဌာန လက်အောက်ရှိ Pre college တက်နေသူ သို့မဟုတ် ပြီးစီးသူများဖြစ်ရမည်။
အနည်းဆုံး BECA Grade C အဆင့်ရရှိသူ၊ အသက် ၂၅ နှစ်အောက်၊ သိပ္ပံဘာသာတွဲ ဦးစားပေးမည် ဖြစ်ကြောင်းနှင့် သင်တန်းကို ပြီးဆုံးသည်အထိ တက်ရောက်နိုင်ရမည်ဖြစ်ပြီး သင်တန်းပြီးမြောက်ပါက ချင်းပြည်တွင် အနည်းဆုံး ၃ နှစ် တာဝန်ထမ်းဆောင်နိုင်သူ ဖြစ်ရမည်ဟု ဆိုသည်။
ထို့အပြင် ပညာရေးအထောက်အထား တင်ပြနိုင်ရမည်ဖြစ်ပြီး မြန်မာနိုင်ငံမဟုတ်သောနိုင်ငံမှ အောင်မြင်သူဖြစ်ပါက အောင်လက်မှတ်အပြင် ကျောင်းအုပ်ထောက်ခံစာ တင်ပြနိုင်ရမည်ဖြစ်ကာ လူတွေ့စစ်ဆေးခြင်းတွင် လာရောက်ဖြေဆိုနိုင်သူဖြစ်ရမည်ဟု ဖော်ပြထားသည်။
Diploma in Nursing and Midwifery Program(Academic 3 year) course ပထမအသုတ်သင်တန်းကို ၂၀၂၄ ခုနှစ် နိုဝင်ဘာလတွင် စတင်ဖွင့်လှစ်သင်ကြားခဲ့ကြောင်း သိရသည်။
သတင်း – James Roe
