အသက် ၁၈ နှစ်ပြည်ပြီးသူတိုင်း စစ်သင်တန်းတက်ကြရန် CDF-Kanpetlet ထုတ်ပြန်
ဇူလိုင်လ ၉ ရက်၊ ၂၀၂၅။
ချင်းပြည်နယ်တောင်ပိုင်း၊ ကန်ပက်လက်နှင့် ကျင်ဒွေး မြို့နယ်အတွင်းနေထိုင်သည့် အသက် ၁၈ နှစ် ပြည့်ပြီးသူတိုင်း အခြေခံစစ်သင်တန်း တက်ရောက်ကြရန် Chin Defense Force – Kanpetlet က ဇူလိုင်လ ၈ ရက်နေ့တွင် ထုတ်ပြန်ထားသည်ကို သိရသည်။
အသက် ၁၈ နှစ်အထက် လူငယ် အမျိုးသား၊ အမျိုးသမီးများ အားလုံးသည် အမျိုးသားရေးတာဝန်များကို ရှောင်လွှဲခြင်း မပြုရန်နှင့် အခြေခံစစ်ပညာသင်တန်း အပတ်စဉ် ၃ တွင် အမျိုးသားရေး တာဝန်သိစိတ်ဖြင့် တက်ကြွစွာ ပူးပေါင်းပါဝင် တက်ရောက်ပေးရန် CDF-Kanpetlet က ဆိုသည်။
CDF-Kanpetlet တပ်ဖွဲ့သည် မြန်မာ့နွေဦးတော်လှန်ရေးကာလအတွင်း ပြည်သူလူထု၏ အားပေးထောက်ခံမှု၊ ယုံကြည်မှုများနှင့်အတူ မွေးဖွားလာသည့် ချင်းတော်လှန်ရေးတပ်ဖွဲ့တစ်ခုဖြစ်ပြီး ချင်းပြည်တောင်ပိုင်း၊ ကန်ပက်လက်မြို့နယ်နှင့် ကျင်ဒွေးမြို့အား အပြည့်အဝ ကိုယ်စားပြုသည့် တော်လှန်ရေးတပ်ဖွဲ့ တစ်ခုဖြစ်ကြောင်း ပြောသည်။
CDF – Kanpetlet အနေဖြင့် ကျင်ဒွေးမြို့နှင့် ကန်ပက်လက်မြို့နယ်ရှိ ပြည်သူများ၏ အသက်၊ အိုးအိမ်၊ စည်းစိမ် ကို ကာကွယ်စောင့်ရှောက်ရန် တာဝန်ရှိသည်သာမက ချင်းပြည်အတွင်းရှိ ပြည်သူများကိုလည်း နွေးထွေးလုံခြုံစွာ အပြည့်အဝ အကာကွယ်ပေးသည့် ပြည်သူ့အချစ်တော် တပ် နှင့် စစ်သည်တော်ကောင်းများ ဖြစ်လာစေရန်၊ စစ်စည်းကမ်းပြည့်ဝသည့် ပြည်သူ့စစ်သားကောင်းများ ပေါ်ပေါက်လာစေရန်နှင့် အိမ်နီးချင်း မိတ်ဖက်မဟာမိတ်တပ်ဖွဲ့များနှင့်အတူ အဖိနှိပ်ခံပြည်သူတစ်ရပ်လုံး စစ်မှန်သောလွတ်မြောက်ခြင်း ရရှိသည်အထိ ချင်းညီနောင်နှင့်အတူ တိုက်ပွဲဝင်သွားမည်ကြောင်း ဖော်ပြထားသည်။
CDF-Kanpetlet သည် အကြမ်းဖက်စစ်ကောင်စီက အာဏာသိမ်းပိုက်ချိန်မှစ၍ တိုက်ပွဲပေါင်းများစွာကို ဆင်နွှဲလာခဲ့ပြီး ကျင်ဒွေးမြို့နှင့် ကန်ပက်လက်မြို့နယ်ကိုလည်း အပြည့်အဝ ပြန်လည်သိမ်းပိုက် ထိန်းချုပ်နိုင်ခဲ့ပြီး ချင်းပြည်အတွင်းရှိ အခြားသောမြို့သိမ်းတိုက်ပွဲများတွင်လည်း ချင်းညီနောင်စစ်ဆင်ရေးနှင့်အတူ အစွမ်းကုန်ဆက်လက် ပူးပေါင်းတိုက်ပွဲဝင်လျက်ရှိသည်။
CDF – Kanpetlet ၏ (၄) လကျော်ကြာမြင့်သော အခြေခံစစ်ပညာသင်တန်း အပတ်စဉ် (၂) ကိုလည်း အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ပြီး သင်တန်းဆင်း ရဲဘော်/ ရဲမေများ ကျမ်းသစ္စာကျိန်ဆိုခဲ့ကြောင်းနှင့် သင်တန်းကို အောင်မြင်စွာ ပြုလုပ်နိုင်ရေးအတွက် အဖက်ဖက်မှ ပံ့ပိုးကူညီပေးခဲ့သည့် မဟာမိတ်အဖွဲ့ ULA/AA နှင့် ပြည်တွင်း/ပြည်ပရှိ ထောက်ပို့ပြည်သူများအားလုံးကို အထူးကျေးဇူးတင်ရှိကြောင်း ထုတ်ပြန်ထားသည်။
သတင်း – James Roe
