ခူမီးလူမျိုးများအားလုံး၏ တွေ့ဆုံပွဲတော်ကြီး(Khumi Mihum Kavum Pawi) ကို ပြုလုပ်ကျင်းပ
ဇူလိုင်လ ၁၀ ရက်၊ ၂၀၂၅။
United States Khumi Organization – USKO မှ ပြုလုပ်ကျင်းပသည့် ခူမီးလူမျိုးများအားလုံး၏ တွေ့ဆုံပွဲတော်ကြီး(Khumi Mihum Kavum Pawi) ကို ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၄ – ၅ ရက်နေ့တွင် မေရီလန်းပြည်နယ်၊ ဘာလ်တီမိုးမြို့တွင် ပြုလုပ်ကျင်းပသွားခဲ့ပြီး USKO အလုပ်အမူဆောင်အသစ်ကိုလည်း ရွေးချယ်တင်မြှောက်ခြင်းအစီအစဉ်ကိုလည်း ပြလုပ်ခဲ့ကြောင်း သိရသည်။
ခူမီးလူမျိုးများအားလုံး၏ တွေ့ဆုံပွဲတော်ကြီး(Khumi Mihum Kavum Pawi) ပြုလုပ်ခြင်း အစီအစဉ်တွင် ကလေး၊ လူကြီး အားကစားပြိုင်ပွဲ (Kids activities)၊ လူငယ်၊ လူကြီး ပြည်နယ်အလိုက် ဘောလီဘောပြိုင်ပွဲ၊ လူကြီး၊ လူငယ် Khumi wrestling၊ ကလေး wrestling၊ ကလေးများအား ခူမီးဘာသာစကား အမေး၊ အဖြေ ပြုလုပ်ခြင်း၊ KYA – USA လူငယ်များမှ Education Penal ပြုလုပ်ပေးခြင်း၊ High School & College နှင့် အသက်မွေးဝမ်းကျောင်း တစ်ခုခုပြီးမြောက်သည့် လူငယ်များကို ဂုဏ်ပြုလက်ဆောင် ပေးအပ်ခြင်း၊ မိမိတို့ ခူမီးရိုးရာ ယဥ်ကျေးမူး အကနှင့် ခူမီးသီချင်းများ ဖျော်ဖြေတင်ဆက်ခြင်းနှင့် ခူမီးရိုးရာ မီးပုံကပွဲ စသည့် အစီစဥ်များဖြင့် ပွဲတော်ကြီးကို စည်ကားသိုက်မြိုက်စွာ ကျင်းပသွားခဲ့ကြောင်း USKO မှ တာဝန်ရှိသူများထံမှ သိရသည်။
ခူမီးလူမျိုးများအားလုံး၏ တွေ့ဆုံပွဲတော်ကြီး(Khumi Mihum Kavum Pawi) တွင် လူဦးရေ ၁၅၀ ဝန်းကျင် တက်ရောက်ခဲ့ပြီး ဇူလိုင်လ ၄ ရက်နေ့ နံနက် ၉ နာရီမှ ည ၁၀ နာရီ အထိ၊ ဇူလိုင်လ ၅ ရက်နေ့ နံနက် ၁၀ နာရီမှ ည ၆ နာရီ အထိ နှစ်ရက်တိတိ ပွဲတော်ကိုပြုလုပ်ခဲ့သည်။
ပွဲတော်ကြီးပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်နှင့် အကြောင်းအရာကို United States Khumi Organization – USKO မှ တာဝန်ရှိသူတစ်ဦးက ခူမီးမီဒီယာသို့ အောက်ပါအတိုင်း ဖြေကြားထားသည်။
“ပွဲလုပ်ရတဲ့ ရည်ရွယ်ချက်က နိုင်ငံရပ်ခြားမှာ နေထိုင်နေပေမယ့်လည်း (USA မှာ နေထိုင်တဲ့သူတွေဟာ ပြန်လာတော့မှာမဟုတ်ဘူး) New Generation နဲ့ New Land ဖြစ်ကြပြီလေ။ ဒီလိုဆိုတော့ မိမိတို့ရဲ့ ခူမီးစကားလည်း မေ့ပျောက်သွားနိုင်တယ်။ Frist Generation, Second Generation တောင်မရောက်သေးဘူး ခူမီးစကားက မေ့ပျောက်လာပြီ။ ခူမီးစကား ပျောက်ရင် ခူမီးစာလည်းပျောက်မယ်။ ခူမီးရိုးရာ ဝတ်စားဆင်ယင်မှုတွေ ရိုးရာဓလေ့တွေလည်း ချက်ချင်းမဟုတ်ရင်လည်း တဖြည်းဖြည်းနဲ့ ပျောက်သွားမယ်။ ဒါကြောင့် မိမိတို့ရဲ့ ခူမီးရိုးရာ ဝတ်စားဆင်ယင်မှုတွေ ရိုးရာဓလေ့တွေ မပျောက်ပျက်သွားဖို့၊ မိမိတို့ရဲ့ ခူမီးဘာသာစကားတွေ ပြောတက်မြဲပြောတက်ဖို့အတွက် ဆိုတဲ့ ရည်ရွယ်ချက်တွေ ပါပါတယ်…”
“မိမိတို့ရဲ့ ရိုးရာယဉ်ကျေးမှုလို့ ပြောတဲ့အခါမှာ အကပဒေသာတွေ၊ သီချင်းတွေလည်း ပါတယ်။ မိမိတို့ရဲ့ ရိုးရာယဉ်ကျေးမှု၊ ဝတ်စားဆင်ယင်မှု၊ ဘာသာစကားနဲ့ စာပေတွေ မပျောက်ပျက်ဖို့အတွက် ဒီလိုပွဲကိုလုပ်ရခြင်းဖြစ်တယ်။ ဒီမှာရှိတဲ့ ခူမီးလူမျိုးတွေအချင်းချင်း ကောင်းသည်ဖြစ်စေ မကောင်းသည်ဖြစ်စေ အခက်အခဲဒုက္ခကြုံတွေ့တာတွေ ရှိပါစေ တစ်ယောက်နဲ့တစ်ယောက် ကူညီစောင့်ရှောက်ဖို့အတွက်ပဲဖြစ်တယ်…”
“ဒီမှာက(US) ရောက်ရှိနေထိုင်တဲ့ခါမှာ တစ်ယောက်နဲ့ တစ်ယောက် တွေ့ဖို့ဆိုတာ မလွယ်ကူဘူး။ ကိုယ့်အလုပ်နဲ့ကိုယ် မအားလပ်တာတွေများတယ်။ ဒီမှာက အိမ်တွေသွားပြီး တံခါးခေါက်ပြီး သွားလည်တဲ့ ယဉ်ကျေးမှု မရှိဘူး။ တစ်ယောက်နဲ့တစ်ယောက် တွေ့ချင်ရင် Request လုပ်ပြီး ကြိုတင် အချိန်းအဆက်လုပ်ပြီး အားတဲ့အချိန်မှာ တွေ့ဆုံရတာပါ။ ဒါပေမယ့် ခူမီးလူမျိုးအချင်းချင်း အိမ်တွေမှာသွားပြီး တံခါးခေါက်ပြီး အလည်သွားတာက ဘာမှ ပြဿနာမရှိသေးပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ သားသမီးတွေ(မျိုးဆက်တွေ)က အိမ်ထောင်ပြုတော့မယ်ဆိုတဲ့အခါ တခြားလူမျိုးတွေနဲ့ အိမ်ထောင်ပြုတာလည်း ဖြစ်နိုင်တယ်။ အဲဒီလိုအချိန်မှာ မိဘတွေကိုယ်တိုင်တောင် သားသမီးအိမ်ကို အလည်သွားမယ်ဆိုရင် ကြိုတင်အကြောင်းကြားတာတွေ၊ ကြိုတင်ခွင့်တောင်းတာတွေ “အိမ်မှာရှိသလား၊ ဘယ်နေ့အလုပ်အားသလဲ…” ဆိုပြီး ဖြစ်သွားတော့မယ်။ ဒီမှာ လူနေမှုစနစ်က အဲလိုတွေ ဖြစ်နေတော့တာလေ…”
“ဒါကြောင့် ခူမီးလူမျိုးတွေ တွေ့ဆုံပွဲကို နှစ်တိုင်းတော့ မလုပ်နိုင်ဘူး။ ဒါပေမယ့် ခူမီးလူမျိုးတွေအားလုံး တွေ့ဆုံပွဲကို နှစ်နှစ်မှာတစ်ခါ ပြုလုပ်ကြတယ်။ ဒါပေမယ့် United States Khumi Organization – USKO ရဲ့တွေ့ဆုံမှုကတော့ နှစ်စဉ်နှစ်တိုင်း တွေ့ဆုံမှုရှိပါတယ်။ နှစ်နှစ်မှာတစ်ကြိမ်ပြုလုပ်တဲ့ ခူမျိုးလူမျိုးတွေအားလုံး တွေ့ဆုံတဲ့ပွဲ ပွဲကြီးက ဒီနှစ်မှာဆို သုံးကြိမ် ရှိတော့မယ်။ United States Khumi Organization – USKO က စက်တင်ဘာလမှာဆိုရင် ၆ နှစ်ပြည့်တော့မယ်။ ၅ နှစ် ပြည့်ပြီးဖြစ်တယ်…”
“နိုင်ငံရပ်ခြားမှာ နေထိုင်တဲ့အခါ အခက်အခဲတွေ အများကြီးရှိပါတယ်။ ကလေးတွေဆိုရင် အင်္ဂလိပ်လိုပဲ ပြောနေကြတော့တာ။ မိဘတွေကိုယ်တိုင်ကလဲ ခူမီးဘာသာစကားနဲ့ပြောဖို့အတွက် ကလေးတွေအပေါ်မှာ မလွှမ်းမိုးနိုင်တာတွေ ရှိကြတယ်။ မိဘတွေကိုယ်တိုင်ကလည်း အလုပ်လုပ်ပြီး ရုန်းကန်နေကြရတဲ့ အတွက်ကြောင့် ကလေးတွေကိုလည်း သိပ်ပြီးအချိန်မပေးနိုင်တာတွေ မိသားစုစကားဝိုင်းတွေ မပြုလုပ်နိုင်ကြတော့တာတွေ ရှိကြတယ်…
“ကလေးတွေကို ပြုစုစောင့်ရှောက်တဲ့အခါမှာ ဖုန်းနဲ့ တက်ပလက်နဲ့ ကွန်ပြူတာနဲ့ စတာတွေနဲ့ပဲ ကလေးတွေကို ထိန်းကျောင်းရတဲ့ အပိုင်းတွေရှိလာတော့ ကလေးတွေက အဲဒီအထဲမှာပဲ ပျော်နေတော့တာ။ ကလေးတွေက မိဘရဲ့စကားတွေကို ကြီးလာလေလေ မပြောတက်လေလေ ဖြစ်လာရတော့တာပေါ့။ တချို့ ခူမီးစကားပြောတက်တဲ့ ကလေးတွေက နည်းလာနေပြီ။ ခုလက်ရှိအချိန်အထိတော့ ဆိုးဆိုးဝါးဝါးမဟုတ်သေးပေမယ့် နောက်ပိုင်းကျရင်တော့ မလွယ်တော့ဘူး။ ဒါကြောင့် အခုလို ခူမီးတွေအားလုံး တွေ့ဆုံတဲ့ပွဲကို ပြုလုပ်ရခြင်းဖြစ်ပါတယ်…” ဟု USKO မှ တာဝန်ရှိသူတစ်ဦးက ခူမီးမီဒီယာသို့ ဖြေကြားထားသည်။
သတင်း – James Roe

