ချင်းညီနောင်တပ်ဖွဲ့ဝင်အားလုံး အပါအဝင် တော်လှန်ရေးအဖွဲ့ ၂၃ ဖွဲ့ကို AA က စစ်ရေးအရင်းအမြစ်များ ထောက်ပံ့ဟု ISP-Myanmar ကဖော်ပြ
ဇူလိုင်လ ၁၂ ရက်၊ ၂၀၂၅။
ချင်းပြည်အတွင်းရှိ ချင်းညီနောင်အဖွဲ့ဝင် ၆ ဖွဲ့ အပါအဝင် တော်လှန်ရေးလက်နက်ကိုင်အဖွဲ့ ၂၃ ဖွဲ့ကို AA က လက်နက် ရိက္ခာနှင့် စစ်သင်တန်းများ ထောက်ပံ့ပေးထားသည်ဟု မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျူ (ISP-Myanmar) က ဇူလိုင်လ ၉ ရက်နေ့တွင် ထုတ်ပြန်ထားသည်ကို သိရသည်။
ISP Myanmar က “အို… မြောက်ပိုင်းလမ်း …ဒုတ်ဒုတ်ထိမျက်တွေ့ (De Facto) ထီးပြိုင်နန်းပြိုင် ရခိုင်ပြည်” ဆိုသည့် သုံးသပ်ချက် သုသေတနစာတမ်းထဲတွင် ဖော်ပြထားခြင်းဖြစ်သည်။
တော်လှန်ရေး လက်နက်ကိုင်တပ်ဖွဲ့ ၂၃ ဖွဲ့သည် မြန်မာနိုင်ငံတဝန်းရှိ မြို့ပေါင်း ၆၁ ခုတွင် စစ်ရေးလှုပ်ရှားလျက် ရှိပြီး ယင်းအနက် ၁၈ ဖွဲ့သည် ရခိုင်ပြည်နှင့် ထိစပ်နေသည့် ချင်း၊ မကွေး၊ ပဲခူးနှင့် ဧရာဝတီတို့တွင် AA နှင့်အတူ ပူးပေါင်းကာ စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်လျက်ရှိသည်ဟု ISP – Myanmar က ဆိုသည်။
AA ထောက်ပံ့ထားသော တော်လှန်ရေးလက်နက်ကိုင် ၂၃ ဖွဲ့မှာ BPLA, DRPA, CDF-Kanpetlet, BNRA, YA,CDF-Matupi, CDF-Mindat, YDF, PDF Zoland, BA, CNDF, AYA POF, KNDF, MDF, BLDF, PIO/PIA, GZA, PRA, SF/SAF, ACDF, PLF, PRF, CDF-Asho တို့ဖြစ်ကြသည်။
၎င်းအဖွဲ့များထဲမှ PIO/PIA, GZA, PRA, SF/SAF, ACDF, PLF, PRF, CDF-Asho တို့မှာ AA ၏ စစ်ရေးကွပ်ကဲမှုစနစ်နှင့် ချိတ်ဆက်ထားသော မဟာမိတ်များဖြစ်သည်ဟု ဖော်ပြသည်။
ကျန်အဖွဲ့များဖြစ်သည့် BPLA, DRPA, CDF-Kanpetlet, BNRA, YA, CDF-Matupi, CDF-Mindat, YDF, PDF Zoland, BA, CNDF, AYA POF, KNDF, MDF နှင့် BLDF တို့မှာ AA က စစ်ရေးအရင်းအမြစ်များကို တစိတ်တပိုင်း သို့မဟုတ် အပြည့်အဝ ထောက်ပံ့ပေးထားသော မဟာမိတ်များဖြစ်သည်ဟု သိရသည်။
မင်းတပ်၊ မတူပီ၊ ကန်ပက်လက်၊ ဖလမ်းမြို့တို့ကို မြို့သိမ်းတိုက်ပွဲများနှင့် စစ်ရေးတွင် AA က ချင်းကာကွယ်ရေးတပ်ဖွဲ့များအား ကူညီထောက်ပံ့ပေးခဲ့ကြောင်း ချင်းညီနောင်အဖွဲ့ဝင်များက တရားဝင် ပြောဆိုထားသည်။
တဖက်တွင်လည်း ပလက်ဝမြို့နယ်ကို AA က သိမ်းထားပြီး ရခိုင်ပြည်နယ်၏ ၈ ခုမြောက်ခရိုင်အဖြစ် ထည့်သွင်း လာမှုကြောင့် ဝေဖန်မှုများ မြင့်တက်လာနေကြောင်းနှင့် ကုလာတန်းမြစ်ကြောင်း ဘက်စုံသုံး ဖြတ်သန်းသယ်ယူ ပို့ဆောင်ရေး စီမံကိန်းနှင့် ပလက်ဝ – မီဇိုရမ် ကားလမ်းတို့ကိုလည်း AA က ထိန်းချုပ်ထားသည်ဟု သိရသည်။
AA သည် ရခိုင်ပြည်၏ နယ်မြေ ၉၃ ရာခိုင်နှုန်းကျော်ကို ထိန်းချုပ်ထားနိုင်ပြီး ရခိုင်ပြည် တခုလုံးကို ထိန်းချုပ်နိုင်ရန် ထိုးစစ်ဆင်လျက်ရှိကြောင်းနှင့် ၂၀၂၅ ခုနှစ် နှစ်ဆန်းပိုင်းကစ၍ AA ၏ စစ်ဆင်ရေးများကို ရခိုင်ပြည်ပြင်ပ မကွေး၊ ပဲခူးနှင့် ဧရာဝတီတိုင်းတို့တွင် တိုးချဲ့ဖော်ဆောင်လာသည်ဟု ISP Myanmar က ဖော်ပြထားသည်။
သတင်း – James Roe
