ချင်းလက်နက်ကိုင်အဖွဲ့တို့၏ ပဋိပက္ခဖြစ်စဥ်အတွင်း ပါဝင်ပတ်သက်မှုမရှိကြောင်း BNRA-GZA နှင့် Yaw Army ထုတ်ပြန်
ဇူလိုင်လ ၁၄ ရက်၊ ၂၀၂၅။
ချင်းပြည်၊ ဖလမ်းမြို့နယ်တွင် ဖြစ်ပွားသည့် CDF-Hualngoram, CNF/CNA နှင့် CNO/CNDF တို့၏ ပဋိပက္ခဖြစ်စဉ်အတွင်း BNRA-GZA နှင့် Yaw Army တို့သည် ပါဝင်ပတ်သက်မှု လုံးဝမရှိကြောင်း ဇူလိုင်လ ၁၃ ရက်နေ့တွင် အညာညီနောင် BNRA – Generatoion Z Army (GZA) နှင့် Yaw Army တို့က အသီးသီး ထုတ်ပြန်ထားသည်ကို သိရသည်။
CNO/CNDF မှ စီစဉ်သည့် စနိုက်ပါသင်တန်းသို့ ဇွန်လတွင် အညာညီနောင် BNRA-GZA မှ သင်တန်းသားအချို့ စေလွှတ်ခဲ့ပြီး ယခုအခါတွင် လတ်တလောပဋိပက္ခများကြောင့် တပ်တော်သို့ ပြန်လည်ခေါ်ဆောင်ခဲ့ပြီး ဖြစ်ကြောင်း ဆိုသည်။
လတ်တလောဖြစ်ပွားနေသည့် ချင်းတော်လှန်ရေး ညီအစ်ကိုများ၏ ပဋိပက္ခဖြစ်စဉ်အတွင်း အညာညီနောင် BNRA-GZA အနေဖြင့် လုံးဝ(လုံးဝ) ပါဝင်မှုမရှိကြောင်း အသိပေးထားပြီး ချင်းတော်လှန်ရေး ညီအစ်ကိုများ အနေဖြင့်လည်း လက်ရှိအခက်အခဲ အကြပ်အတည်းများကို အကောင်းဆုံး ရင်ဆိုင်ကျော်လွှား နိုင်ပါစေကြောင်း အညာညီနောင် BNRA-GZA မှ ဆန္ဒပြုထားသည်။
ယောတပ်တော် (Yaw Army ) အနေဖြင့်လည်း ဇူလိုင်လအတွင်းဖြစ်ပွားခဲ့သော CNO/ CNDF နှင့် HPO/ CDF Hualngoram ပဋိပက္ခအကြား YA သည် ပါဝင်တိုက်ခိုက်ခဲ့ကြောင်း CNF/CNA မှ ပြောဆိုခဲ့သည်ကို YA အနေဖြင့် ချင်းပြည်တွင်းရေးကိစ္စတွင် ပါဝင်ပတ်သက်မှု မရှိကြောင်းကို မကွေးဖက်ဒရယ်ယူနစ် ကြားကာလအစီအမံ ရေးဆွဲရေးကော်မရှင် အတွင်းရေးမှူးမှတဆင့် ဆက်သွယ်ကန့်ကွက်ခဲ့ပြီး CNF/CNA မှလည်း အဆိုပါကိစ္စသည် မြေပြင်သတင်းအချက်အလက် အားနည်းမှုဖြစ်နိုင်ကြောင်း ကို ပြန်လည်၍ အကြောင်းပြန်ကြားခဲ့ပြီးဖြစ်ကြောင်း ပြောသည်။
Yaw Army သည် ချင်းညီနောင် (CB) နှင့် မဟာမိတ်အဖြစ် ဘုံရန်သူ စစ်သုံးစစ် ဖြုတ်ချရေးတွင် လက်တွဲပူးပေါင်း ဆောင်ရွက်နေခြင်း ဖြစ်သော်လည်း ချင်းအမျိုးသားတည်ဆောက်ရေး၊ ချင်းပြည်ကံကြမ္မာနှင့် သက်ဆိုင်သော ကိစ္စရပ်များတွင် ဝင်ရောက်စွက်ဖက်နေခြင်း မရှိကြောင်း ချင်းပြည်သူလူထုအား သိရှိစေလိုကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဖလမ်းမြို့နယ်အတွင်း ဇူလိုင်လ ၂ ရက်နေ့မှစ၍ CNO/CNDF နှင့် HPO/CDF – Hualngoram, CNF/CNA တို့အကြား နယ်မြေပဋိပက္ခကြောင့် တိုက်ပွဲများဖြစ်ပွားခဲ့ပြီး အပြန်အလှန် နေမြေသိမ်းပိုက်မှုများရှိခဲ့ကာ စစ်ရေးအခြေအနေ တင်းမာနေကြသည်ကို သိရသည်။
သတင်း – James Roe
