CDF-Matupi/MRO နှင့် မဟာမိတ်များအား ကျူးကျော်တပ်စခန်းများကို အမြန်ဆုံး ရုပ်သိမ်းပေးရန် CDF-Matupi (တပ်မဟာ-၂) အသိပေး
ဇူလိုင်လ ၁၄ ရက်၊ ၂၀၂၅။
ချင်းပြည်၊ မတူပီမြို့နယ်အတွင်း CDF-Matupi/MRO နှင့် မဟာမိတ်များ အနေဖြင့် ကျူးကျော်တပ်စခန်းများ၊ တပ်ဖွဲ့ဝင်များအား အမြန်ဆုံး ပြန်လည်ရုတ်သိမ်းပေးရန်နှင့် မိမိကိုယ်ကိုခုခံပိုင်ခွင့်အား ကျင့်သုံးသွားမည် ဖြစ်ကြောင်း ဇူလိုင်လ ၁၃ ရက်နေ့တွင် CDF-Matupi(တပ်မဟာ-၂) က ထုတ်ပြန်ထားသည်ကို သိရသည်။
CDF-Matupi(တပ်မဟာ-၂) အနေဖြင့် လက်ရှိချင်းလဲန်းအတွင်းဖြစ်ပွားနေသည့် ပြဿနာများ ပိုမိုမကြီးထွားစေရန် ကြိုးပမ်းနေသည့်အပြင် မတူပီအတွင်း ယခင်ဖြစ်ပွားခဲ့တဲ့ပဋိပက္ခများအား ပြေလည်နိုင်စေရန် ဘာသာရေး ခေါင်းဆောင်များ၏ ကြားဝင်စေ့စပ်ညှိနှိုင်းမှုများအပေါ် အခြေခံ၍ ငြိမ်းချမ်းရေးဖြစ်စဉ်များ ပေါ်ပေါက်လာနိုင်စေရေး အစွမ်းကုန်ကြိုးပမ်းလျက်ရှိသည်။
သို့သော် CDF-Matupi/MRO နှင့် မဟာမိတ်များသည် ဇူလိုင်လ ၁၀ ရက်နေ့တွင် အင်အား အလုံးအရင်းဖြင့် CDF-Matupi(တပ်မဟာ-၂) ထိန်းချုပ်နယ်မြေအတွင်း ရုတ်တရက် စစ်ကြောင်းထိုးလာခြင်း၊ တပ်စခန်းများချခြင်းနှင့် တပ်ဖွဲ့ဝင်များအား ခေတ္တဖမ်းဆီး၊ ထိန်းသိမ်းခြင်းများ ပြုလုပ်နေကြောင်း ဆိုသည်။
CDF-Matupi/MRO ၏ လုပ်ရပ်များသည် လက်ရှိဖော်ဆောင်နေသည့် ငြိမ်းချမ်းရေးဖြစ်စဉ်အား ရပ်တန့်စေနိုင်ပြီး နှစ်ဖက်စစ်ရေးပဋိပက္ခများ ဖြစ်ပွားလာနိုင်သည့်အပြင် အရပ်သားပြည်သူများအတွက် ထိခိုက်ဆုံးရှံးမှုများစွာ ဖြစ်လာနိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
CDF-Matupi/MRO က ယခုကဲ့သို့ လုပ်ဆောင်နေခြင်းသည် မတ်လ ၂၀ ရက်နေ့ စောင်ထီယားကျေးရွာတွင် တွေ့ဆုံကြစဉ် သဘောတူညီခဲ့ကြသည့် အချက် ၁။ (ခ) မိမိတို့ထိန်းချုပ်တပ်စွဲသည့် ရှိယင်းစွဲနေရာမှ ရှေ့ဆက်မတိုးရန် ဆိုသည့်အချက်ကို ချိုးဖောက်ခြင်းဖြစ်သည်။
ထို့အပြင် မေလ ၁၀ ရက်နေ့ ထန်ပိန်းကျေးရွာတွင် ဘာသာရေးခေါင်းဆောင်များပါဝင်သည့် ငြိမ်းချမ်းရေး ကော်မတီမှတစ်ဆင့် တွေ့ဆုံခဲ့သည့် သဘောတူညီချက် အချက်(၈) နှစ်ဖက်ကာကွယ်ရေးဆိုင်ရာဆောင်ရွက်ရန် ကိစ္စရပ်များကို နှစ်ဦးနှစ်ဖက်ညှိနှိုင်းပြီး အချင်းချင်း လေးစားစွာဆောင်ရွက်ရန် ဆိုသည့် အချက်များကို ချိုးဖောက်ခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် CDF-Matupi/MRO နှင့် မဟာမိတ်များ အနေဖြင့် လက်ရှိကျူးကျော် တပ်စခန်းများနှင့် တပ်ဖွဲ့ဝင်များအား အမြန်ဆုံးပြန်လည်ရုတ်သိမ်းပေးရန်နှင့် မလိုက်နာပါက နောက်ဆက်တွဲပြသနာများဟာ CDF-Matupi/MRO ၏ တာဝန်သာဖြစ်မည်ဖြစ်ပြီး မိမိတို့အနေဖြင့် မိမိကိုယ်ကို ခုခံကာကွယ်ပိုင်ခွင့်အား ကျင့်သုံးသွားမည်ဖြစ်ကြောင်း CDF-Matupi(တပ်မဟာ-၂) က အသိပေး ထုတ်ပြန်ထားသည်။
သတင်း – James Roe
