မကြားအိမ်နူးကျေးရွာ နယ်နိမိတ်အတွင်း မည်သည့် လက်နက်ကိုင်အဖွဲ့အစည်းကိုမျှ ဝင်ရောက်တပ်စွဲခွင့်မပြု
ဇူလိုင်လ ၁၅ ရက်၊ ၂၀၂၅။
ချင်းပြည်တောင်ပိုင်း၊ ကန်ပက်လက်မြို့နယ်၊ မကြားအိမ်နူးကျေးရွာ နယ်နိမိတ်အတွင်း မည်သည့် လက်နက်ကိုင် အဖွဲ့အစည်းကိုမျှ ဝင်ရောက်တပ်စွဲခွင့် မပြုကြောင်း မကြားအိမ်နူးကျေးရွာလူထုက ဇူလိုင်လ ၁၃ ရက်နေ့တွင် ထုတ်ပြန်ထားသည်ကို သိရသည်။
ချင်းအမျိုးသားတပ်မတော် CNA တပ်မဟာ ၅၊ တပ်ရင်း ၁ က မကြားအိမ်နူးကျေးရွာမှ ယာယီ တပ်ဆုတ်ခွာသည့်နောက်တွင် CDF-Daai/DCR က CNA ရဲ့စခန်းနေရာတွင် ဝင်ရောက်နေရာယူရန် ဖိအားပေး ဆွေးနွေးညှိနှိုင်းလာသည့်အပေါ် ဇူလိုင် ၁၂ ရက်နေ့တွင် ကျေးရွာပြည်သူလူထုများ အစည်းအဝေး ပြုလုပ်ကာ ယခုကဲ့သို့ သဘောထားထုတ်ပြန်ခြင်း ဖြစ်သည်။
မကြားအိမ်နူးကျေးရွာ လူထုအစည်းအဝေးတွင် ကျေးရွာဥက္ကဌ၊ အတွင်းရေးမှူးနှင့် အိမ်ထောင်ဦးစီးအမျိုးသား ၄၆ ဦး တက်ရောက်ခဲ့ပြီး အချက် ၄ ချက်ပါသည့် ပြည်သူ့သဘောထားဆန္ဒကို ချမှတ်ကာ ထုတ်ပြန်ခြင်း ဖြစ်သည်။
ထုတ်ပြန်ချက်ထဲတွင် ချင်းအမျိုးသားတပ်မတော် ယာယီတပ်ဆုတ်ရာနေရာ၌ မည်သည့် လက်နက်ကိုင် အဖွဲ့အစည်းကိုမျှ ဝင်ရောက်တပ်စွဲခွင့် မပြုကြောင်းနှင့် ကျေးရွာနယ်နိမိတ် မည်သည့်နေရာတွင်မဆို ဝင်ရောက်တပ်စွဲခြင်းကို(လုံး၀) လုံးဝ တားမြစ်ကြောင်း ဆိုသည်။
ကျေးရွာနယ်နိမိတ်အတွင်း ရပ်ရွာပြည်သူလူထု၏ တားမြစ်ချက်ကို ချိုးဖောက်ဝင်ရောက် တပ်စွဲလာသည့် မည်သည့် လက်နက်ကိုင် အဖွဲ့အစည်းမဆို နောက်ဆက်တွဲပေါ်ပေါက်လာသည့် ပြသနာများအားလုံးကို တာဝန်ယူရမည် ဖြစ်ကြောင်းနှင့် ကျေးရွာ ပြည်သူလူထုအနေဖြင့် လုံးဝ တာဝန်ယူမည်မဟုတ်ကြောင်း ဖော်ပြသည်။
အကယ်၍ ယခုထုတ်ပြန်ထားသည့် ပြည်သူလူထုသဘောထားကို CDF-Daai အနေဖြင့် တစ်စုံတစ်ရာ ကျူးလွန်ချိုးဖောက်လာပါက မကြားအိမ်နူးသည် DRC(ဒိုင်ရ်ဒေသန္တရကောင်စီ) နှင့် လုံးဝ ပတ်သက်ဆက်နွယ်ခြင်း ရှိတော့မည်မဟုတ်ကြောင်း ထုတ်ပြန်ထားသည်။
ယခုကဲ့သို့ ထုတ်ပြန်ခြင်းသည် မကြားအိမ်နူး ပြည်သူလူထုတစ်ရပ်လုံးအနေဖြင့် စစ်အာဏာရှင်စနစ် တော်လှန်ရေးမှ နှုတ်ထွက်သွားခြင်း မဟုတ်ဘဲ ချင်းအမျိုးသားတစ်ရပ်လုံး စည်းလုံးညီညွတ်စွာ အမျိုးသားနိုင်ငံရေးတွင် ပါဝင်လာနိုင်စေရန်နှင့် ချင်းလူမျိုးအချင်းချင်းကြား လူမျိုးရေးပြသနာများ၊ တော်လှန်ရေးအင်အားစုများအကြား သဘောထားကွဲလွဲမှုများနှင့် နယ်မြေပိုင်ဆိုင်မှုဆိုင်ရာ မလိုလားအပ်သည့် အငြင်းပွားမှုများ စသည်တို့ကို ကြိုတင်ကာကွယ် တားဆီးနိုင်ရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ချင်းပြည်၊ ကန်ပက်လက်မြို့နယ်၊ ဒိုင်ရ်ဒေသ အမှတ် ၁ ရှိ မကြားအိမ်နူးကျေးရွာတွင် အိမ်ခြေ ၇၅ အိမ်ခြေခန့်ရှိပြီး ဒိုင်ရ်ဒေသန္တရကောင်စီ(DRC)၏ အုပ်ချုပ်ရေးနယ်မြေ ဖြစ်သည်။
သတင်း – James Roe
