မကြားအိမ်နူးကျေးရွာဘက်သို့ စစ်ကြောင်းထိုးဝင်ရောက်လာသည့် CDF-Kanpetlet ကို ပြန်လည်ဆုတ်ခွာရန် DRC က အသိပေး ထုတ်ပြန်
ဇူလိုင်လ ၁၆ ရက်၊ ၂၀၂၅။
ချင်းပြည်၊ ကန်ပက်လက်မြို့နယ်၊ မကြားအိမ်နူးကျေးရွာအနီးရှိ CNA တပ်ဖွဲ့ တပ်ဆုတ်သွားခဲ့သည့် နေရာသို့ စစ်ကြောင်းထိုး ဝင်ရောက်လာသည့် CDF-Kanpetlet ကို အမြန်ဆုံး ပြန်လည်ဆုတ်ခွာပေးရန် DRC/CDF-Daai မှ ဇူလိုင်လ ၁၅ ရက်နေ့တွင် အသိပေးထုတ်ပြန်ထားသည်ကို သိရသည်။
ချင်းညီနောင်အဖွဲ့ဝင် CDF-Kanpetlet သည် မကြာအိမ်နူးကျေးရွာအနီး CNA တပ်ဖွဲ့ တပ်စွဲခဲ့သည်ကို အကြောင်းပြု၍ ကြိုတင်ညှိနှိုင်းခြင်းမပြုပဲ အင်းအားအလုံးရင်းဖြင့် စစ်ကြောင်းထိုး ဝင်ရောက်လာသောကြောင့် ဒေသတွင်း လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပွားလာမည်ကို ပြည်သူများ စိုးရိမ်နေကြကြောင်း ဆိုသည်။
မကြားအိမ်နူးကျေးရွာ အပါအဝင် ဒိုင်ရ်ဒေသန္တရကောင်စီအုပ်ချုပ်ရေးနယ်မြေ ၁ ဒေသတစ်ခုလုံး၏ ကာကွယ်ရေးနှင့် လုံခြုံရေးကို CDF-Daai က တာဝန်ယူဆောင်ရွက်နေသောကြောင့် ညီအစ်ကို တော်လှန်ရေး အင်အားစုများ အနေဖြင့် ဒေသတွင်း တည်ငြိမ်အေးချမ်းရေးကို ရှေးရှုကာ DRC အုပ်ချုပ်ရေးနယ်မြေအတွင်း ရောက်ရှိနေသည့် စစ်ကြောင်းများကို အမြန်ဆုံးပြန်လည်ဆုတ်ခွါရန် အသိပေးထားသည်။
ဒိုင်ရ်ဒေသန္တရကောင်စီ DRC သည် တော်လှန်ရေးကာလအတွင်း ဒိုင်ရ်ဒေသန္တရကောင်စီ အုပ်ချုပ်ရေး နယ်မြေတွင် ဒေသန္တရအစိုးရ လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ကာ ဒေသတွင်း လက်နက်ကိုင် ပဋိပက္ခ မဖြစ်ပွားရေးနှင့် တည်ငြိမ်းအေးချမ်းရေးကို ကြိုးပမ်းဆောင်ရွက်လျှက်ရှိကြောင်း ထုတ်ပြန်ထားသည်။
မကြားအိမ်နူးကျေးရွာ ပြည်သူလူထုများမှလည်း မကြားအိမ်နူးကျေးရွာ နယ်နိမိတ်အတွင်း မည်သည့် လက်နက်ကိုင်အဖွဲ့အစည်းကိုမျှ တပ်စွဲခွင့်မပြုကြောင်းနှင့် တပ်စွဲလာပါက နောက်ဆက်တွဲ ပြဿနာများ အားလုံးကို တာဝန်ယူရမည်ဖြစ်သည့်အပြင် မကြားအိမ်နူးသည် DRC နှင့်လည်း လုံးဝ ပတ်သက်တော့မည် မဟုတ်ကြောင်း ဇူလိုင် ၁၃ ရက်နေ့တွင် သဘောထားထုတ်ပြန်ခဲ့သည်။
သတင်း – James Roe
