အမြန်ဆုံး တပ်ရုတ်သိမ်းပေးရန် MRO/CDF-Matupi နှင့် မဟာမိတ်တပ်ဖွဲ့တို့ကို ဧရိယာ ၂ စိန်တလန်နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ အသိပေး
ဇူလိုင်လ ၁၆ ရက်၊ ၂၀၂၅။
ချင်းပြည်၊ မတူပီမြို့နယ် CDF-Matupi Vakok Battalion-2 ထိန်းချုပ်နယ်မြေအတွင်းမှ အမြန်ဆုံး တပ်ရုတ်သိမ်းပေးရန် MRO/CDF-Matupi နှင့် မဟာမိတ်တပ်ဖွဲ့တို့ကို ဇူလိုင်လ ၁၅ ရက်နေ့တွင် မတူပီမြို့နယ်၊ ဧရိယာ ၂ စိန်တလန်နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတိပေးထုတ်ပြန်ထားသည်ကို သိရသည်။
ချင်းပြည်(Chinland)၊ မတူပီမြို့နယ်၊ ဆက်စပ်ထိန်းချုပ်နယ်မြေများအတွင်း CNA တပ်ဖွဲ့များ ခေတ္တတပ်ရုတ်ခြင်းကို အခွင့်ကောင်းယူပြီး MRO/CDF-Matupi နှင့် မဟာမိတ်တပ်ဖွဲ့များသည် ဇူလိုင်လ ၁၀ ရက်နေ့တွင် CDF-Matupi ဌာနချုပ်၏ ထိန်းချုပ်နယ်မြေများတွင် တပ်ချခြင်းနှင့် ဂိတ်ထိုးခြင်းများ ပြုလုပ်လာခြင်း ဖြစ်သည်။
MRO/CDF-Matupi သည် မေလ ၁၀ ရက်နေ့တွင် သဘောတူထားသည့် ငြိမ်ချမ်းရေးစာချုပ် အပိုဒ် ၈ ကို လေးစားလိုက်နာမှုမရှိဘဲ Chinland Council အဖွဲ့ဝင် CDF-Matupi ဌာနချုပ်၏ ထိန်းချုပ်နယ်မြေအတွင်း ကျူးကျော်ဝင်ရောက်ခြင်း၊ တပ်အထိုင်ချခြင်းနှင့် ဂိတ်ထိုးခြင်းများ ပြုလုပ်နေကြသည်ကို တွေ့ရကြောင်း စိန်တလန်နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဆိုသည်။
ထို့အတူ ဧရိယာ ၂ စိန်တလန်နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့ CDF-Matupi Vakok Battalion-2 ထိန်းချုပ်နယ်မြေများတွင်လည်း အကြောင်းကြားခြင်းမရှိဘဲ လက်နက်အင်အား၊ မဟာမိတ် အင်အားများကို အားကိုးခြင်းဖြင့် ဝင်ရောက်စီးနင်းပြီး တပ်အထိုင်ချခြင်း၊ ဂိတ်ထိုးခြင်းများ ပြုလုပ်လာမှုကို ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နှင့် ပြည်သူများက (လုံးဝ)လုံးဝကန့်ကွက်ရှုတ်ချထားသည်။
ထို့ကြောင့် MRO/CDF-Matupi အနေဖြင့် အမြန်ဆုံးတပ်ရုတ်သိမ်းပေးရန်နှင့် ထုတ်ပြန်ချက်များကို လေးစားလိုက်နာမှု မရှိပါက နောက်ဆက်တွဲဖြစ်လာမည့် ပြသနာများကို MRO/CDF-Matupi တာဝန်ရှိသူများက တာဝန်ခံမှု၊ တာဝန်ယူမှု ရှိရမည်ဖြစ်ကြောင်း ဧရိယာ ၂ စိန်တလန်နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အသိပေးထားသည်။
သတင်း – James Roe
